စစ်တွေမြို့တွင် ကျင်းပမည့် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT U-14 ဘောလုံးပြိုင်ပွဲ မတိုင်မီ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

September 17, 2018

MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ(စစ်တွေ) ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ပထမပတ်အတွင်း ကျင်းပသွားမည်ဖြစ်ရာ အဆိုပါ MPT ဘောလုံးပွဲတော်နှင့် MPT ယူ ၁၄ ပြိုင်ပွဲ ကျင်းပနိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့  စက်တင်ဘာ ၁၇ရက်၊ ညနေပိုင်းက  စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့်တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ် Operation & Security Director ဦးအောင်သူမြင့်၊ မြန်မာနေရှင်နယ်လိဂ် Sponsorship & Project Director ဦးသိုက်စံထွန်း၊  ရခိုင်ယူနိုက်တက်အသင်းစီအီးအို ဦးရဲနိုင်ဦး၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ် Sponsorship & Project Director ဦးသိုက်စံထွန်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး  MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ လူငယ်ဘောလုံးပြိုင်ပွဲမတိုင်မီ နှစ်ရက်ကြာ ဖွင့်လှစ်သွားမည့် လူငယ်ဘောလုံးနည်းပြသင်တန်းများနှင့် ပတ်သက်၍  ပရော်ဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍   မြန်မာနေရှင်နယ်လိဂ် Operation & Security Director ဦးအောင်သူမြင့်မှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ လမ်းညွန်ဦးဆောင်မှု၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့ပူးပေါင်း၍  MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ မိမိတို့ ရခိုင်ပြည်နယ် စစ်တွေမြို့၌ ယခုကဲ့သို့ MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT ယူ ၁၄ ဘောလုံးပြိုင်ပွဲကျင်းပမည့် အပေါ် မိမိတို့ဘက်မှ လှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်း၊ ယခုဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲမှတစ်ဆင့် မြန်မာ့ဘောလုံးအားကစားအနာဂတ်အတွက် များစွာအထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မိမိတို့ဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အားတက်သရော ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စသဖြင့် ပြောကြားခဲ့သည်။

ထိုသို့ တာဝန်ရှိသူများမှ  ပြိုင်ပွဲကျင်းပသွားမည့် အခြေအနေများနင့် စပ်လျဉ်း၍ အသေးစိပ် ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများမှ တစ်ဦးချင်း ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ လမ်းညွန်ဦးဆောင်မှုဖြင့်  ကျင်းပပြုလုပ်သွားမည့် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ(စစ်တွေ) ကို  စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၀ ရက်အနေ့အထိ ကျင်းပသွားမည်ဖြစ်သည်။  ယင်းမတိုင်မီ လူငယ်ဘောလုံးပွဲတော်နည်းပြသင်တန်းကို စက်တင်ဘာ ၂၈၊ ၂၉ ရက်များတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ  ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃၀ ရက်နေ့ ညနေ ၃း၀၀ အချိန်တွင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ရခိုင်ယူနိုက်တက်ဘောလုံးအသင်း အိမ်ကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် မိတ်ဖက်ပါတနာ MPT မှ အဓိက ကူညီပံ့ပေးသွားမည့်  MPT Grassroots Football Festival (လူငယ်ဘောလုံးပွဲတော်)တွင် ရခိုင်ပြည်နယ်အတွင်းရှိ  အသက် ၆ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကလေးငယ် ၂၅၀ ကျော် ပါဝင်ဆင်နွှဲသွားမည်ဖြစ်သည်။

ထို့အတူ MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲ( MPT U 14 Football Tournament 2018) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၂ သင်းကို ၃ သင်း၊ ၄ အုပ်စုခွဲကာ ကျင်းပသွားမည်ဖြစ်ပြီး  ပထမရရှိသည့်အသင်းအား ချန်ပီယံဆုဖလားနှင့်အတူ ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၅ သိန်း၊ တတိယဆုရ အသင်းကို ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၃ သိန်း ချီးမြှင့်သွားမည်ဖြစ်သည်။

အလားတူ ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆု၊ ပွဲစဉ်တစ်လျောက်နေရာအလိုက်အကောင်းကစားသမားဆုများနှင့် အကောင်းဆုံး ကစားသမားဆုတို့ကိုပါ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

မြန်မာ့ဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် မိတ်ဖက်ပါတနာ MPT တို့နှင့် ပူးပေါင်းကျင်းပမည့် အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲဝင်အသင်းများ တစ်သင်းလျင် ထောက်ပံ့ကြေးငွေ ကျပ် ၁၀ သိန်းနှင့် အားကစားဝတ်စုံများပါ ပြိုင်ပွဲကျင်းပရေးမှ ထောက်ပံ့ပေးသွားမည်လည်းဖြစ်ပါသည်။ ထို့ပြင် သက်ဆိုင်ရာ စပွန်ဆာများမှ ကလေးများအတွက် အာဟာရဖြစ်ဖွယ်အစားအသောက်များနှင့် အသုံးအဆောင်ပစ္စည်းများကိုပါ ပေးအပ်သွားမည်ဖြစ်သည်။

ထို့ကြောင့် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၃၀ ရက် ညနေ ၃ နာရီ အချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ  ဝေသာလီကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဘောလုံးအားကစားဝါသနာရှင်များ| ကျောင်းသား/သူများ နှင့် မိဘ ပြည်သူများ တက်ရောက်အားပေးကြည့်ရှုနိုင်ပါသည်။