လက်ကျန် လေးပွဲမတိုင်မီ ချန်ပီယံဆုရရှိသွားခဲ့သည့် ISPE(A) အသင်း

August 19, 2018

MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေသည့် ISPE(A) အသင်းသည် လက်ကျန်ပွဲစဉ် လေးပွဲ ကစားရန် ကျန်ရှိနေသော်လည်း အဆင့် ၂ နှင့် အဆင့် ၃ မှ အသင်းများကို အမှတ်ဖြတ်နိုင်ခဲ့သည့်အတွက် ချန်ပီယံဆုကို ဘောလုံးရာသီမကုန်မီ ရရှိသွားခဲ့သည်။

သြဂုတ် ၁၉ ရက်(ယနေ့)က ကစားခဲ့သည့် ပွဲစဉ်များတွင် ISPE(A) အသင်းက ရန်ကုန်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရတနာပုံ အသင်းက မကွေးအသင်းနှင့် သုံးဂိုးစီသရေကျခဲ့သည်။ ရတနာပုံအသင်းနှင့် မကွေးအသင်းတို့ သုံးဂိုးစီ သရေကျခဲ့သည့်အတွက် ISPE(A) အသင်းက ယခုကဲ့သို့ ချန်ပီယံဆုဖလား စောစီးစွာ ရရှိသွားခဲ့ခြင်းဖြစ်သည်။ISPE(A) အသင်းသည် လက်ရှိအချိန်တွင် ၂၂ ပွဲကစားထားပြီး ၁၉ ပွဲ နိုင်၊ နှစ်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် ၅၉ မှတ်ဖြင့် အဆင့် ၁ တွင် ရပ်တည်နေသည်။ အဆင့် ၂ တွင် ရှမ်းယူနိုက် တက်အသင်းက ၂၅ ပွဲ ကစားအပြီး ၁၄ ပွဲ နိုင်၊ ၈ ပွဲ သရေ ၊ သုံးပွဲ ရှုံး ရမှတ် ၅၀ မှတ်ဖြင့် ရပ်တည်နေသည်။ အဆင့် ၃ နေရာတွင် ရတနာပုံ အသင်းက ၂၃ ပွဲ ကစားပြီး ၁၄ ပွဲ နိုင်၊ ခုနစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၄၉ မှတ်ဖြင့် ရပ်တည်နေသည်။

ရတနာပုံအသင်းသည် လက်ကျန် သုံးပွဲ ကစားရန် ကျန်ရှိနေသော်လည်း အဆင့် ၁ နေရာမှ ISPE(A) အသင်းက အမှတ် မမီနိုင်ခဲ့သည့် အတွက် ချန်ပီယံဆုကို လက်လျော့ခဲ့ရခြင်းဖြစ်သည်။ ISPE(A) အသင်းသည် လက်ကျန် လေးပွဲ ကစားရန် ကျန်ရှိနေပြီး အဆိုပါ လက်ကျန်လေးပွဲမှာ မြ၀တီ၊ ဆောက်သမ်း၊ MFF Youth ၊ ရတနာပုံအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။