MPT Myanmar National League 2018 ပြိုင်ပွဲဝင် အသင်းဖြစ်တဲ့ ရခိုင်ယူနိုက်တက် အသင်းကတော့ ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲရဲ့ ဒုတိယအဆင့်မှာ လိဂ်-၂ အောက်ခြေက တောင်ခြင်္သေ့ အသင်းကို ဂိုးပြတ် အနိုင်ကစားပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင် ခဲ့ပါတယ်။

အသင်းကြီးနဲ့ အသင်းငယ် တွေ့ဆုံနေတဲ့ ပြွဲုဖစ်သလို ခြေစွမ်းပိုင်းမှာလည်း ကွာခြားချက်ရှိနေတာမို့ ဒီပွဲမှာ တောင်ခြင်္သေ့အသင်း အနေနဲ့ အစွမ်းကုန် အားထုတ်ခဲ့ပေမယ့်လည်း ရခိုင်ယူနိုက်တက် အသင်းအတွက် အခက်အခဲမရှိခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း ပွဲအစပိုင်းမှာ အထူးရုန်းကန်ခဲ့တဲ့ တောင်ခြင်္သေ့ အသင်းကြောင့် ရခိုင်ယူနိုက်တက် အနေနဲ့ အဖွင့်ဂိုး သွင်းယူနိုင်ဖို့တော့ အချိန်အတော်ယူလိုက်ရပါတယ်။ ရခိုင်ယူနိုက်တက် အသင်းအနေနဲ့ အဖွင့်ဂိုးကို ပွဲချိန် ၄၅ မိနစ်အရောက်မှာမှ နောက်ခံလူ ကလစ်ဖို့ဒ်က ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ရခိုင်ယူနိုက်တက် အသင်းက ပိုမိုအသာစီး ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ဖန်တီးနိုင်ခဲ့သလို သွင်းဂိုးနှစ်ဂိုးကိုလည်း ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးတွေကို ရခိုင်ယူနိုက်တက် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဆန်းဒေးမက်သယူးက ပွဲချိန် ၈၇ မိနစ်နဲ့ ၈၆ မိနစ်တွေမှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ရှုံးထွက် ဒုတိယအဆင့်ကို တက်ရောက်လာနိုင်ခဲ့တဲ့ လိဂ်-၂ အသင်း သုံးသင်းထဲက တစ်သင်းဖြစ်တဲ့ တောင်ခြင်္သေ့ အသင်းကတော့ အတွေ့အကြုံပိုင်းနဲ့ ကစားသမားပိုင်း ကွာခြားချက်တွေ ရှိခဲ့တာကြောင့် ချေပဂိုးတစ်ဂိုးမှ ပြန်လည် သွင်းယူနိုင်ခြင်း မရှိခဲ့ပဲ ပွဲအပြီးမှာတော့ ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲကြီးကို ဒုတိယအဆင့်ကနေ နှုတ်ဆက်လိုက်ရပြီ ဖြစ်ပါတယ်။

အနိုင်ရခဲ့တဲ့ ရခိုင်ယူနိုက်တက် အသင်းကတော့ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ကာ ကွာတားဖိုင်နယ် အဆင့်မှာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။