မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ဗိုလ်လုပွဲစဉ်အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ တိုက်ရိုက်ပြသမည်

December 18, 2018

၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲ(ASEAN University Games 2018)ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပြီး ဒီဇင်ဘာ ၁၈ ရက်(ယနေ့)ညနေ ၃း၃၀ တွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ကစားမည့် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။

နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓီကွင်းတွင် ကစားမည့် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ပွဲစဉ်အား MRTV အပြင် ၊ မြန်မာ့အသံရေဒီယို အစီအစဉ်၊ MRTV Sports Channel နှင့် MRTV Facebook တို့မှလည်း တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။ ယနေ့ နံနက် အစောပိုင်းက ကစားခဲ့သည့် တတိယနေရာလုပွဲတွင် မလေးရှားအသင်းက လာအိုအသင်းကို ပင်နယ်တီအဆုံးအဖြတ် ၅-၃ ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် အုပ်စုပတ်လည်ပွဲစဉ်များတွင် စင်ကာပူအသင်းကို ၂-၁ ဂိုး၊ ထိုင်းအသင်းကို ၁-၀ ဂိုးတို့ဖြင့် အနိုင်ရရှိပြီး လာအိုအသင်းနှင့် တစ်ဂိုးစီ သရေ၊ မလေးရှားအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည်။ အုပ်စုပတ်လည်ကစားပြီးချိန်တွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့သည် ရမှတ် အများဆုံးရရှိခဲ့သည့် အတွက် ဗိုလ်လုပွဲ တက်ရောက်ကစားခွင့်ရရှိခြင်းဖြစ်သည်။