မကွေး-ရန်ကုန် ပွဲမှ ကွင်းလယ်ဒိုင် အပါအဝင် ပွဲစဉ် (၈)မှ ဒိုင် နှစ်ဦးကို ဒိုင်စည်းထိန်းမှ ပြစ်ဒဏ်ချမှတ်

March 9, 2018

ပြီးခဲ့သည့် မတ်လ ၃၊ ၄ ရက်များတွင် ကျင်းပခဲ့သည့် MPT Myanmar National League ပွဲစဉ် (၈) ပွဲစဉ်များအတွင်း ဆုံးဖြတ်ချက်နှင့် ပွဲထိန်းသိမ်းမှု အားနည်းခဲ့ကြသည့် ကွင်းလယ်ဒိုင် နှစ်ဦးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာန၊ ဒိုင်စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အရေးယူမှု ပြုလုပ်ခဲ့သည်။

မတ် ၃ ရက်က သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်ကို ကွင်းလယ်ဒိုင် အဖြစ် တာဝန်ယူကိုင်တွယ် ခဲ့သည့် ဒိုင်လူကြီး ဦးမြတ်သူကို ပွဲချိန် ၃၆ မိနစ်တွင် ဖြစ်ပွားခဲ့သည့် အောင်မြင့်ထွန်း၏ ပြစ်ဒဏ်ကျူးလွန်မှုအပေါ် ကိုင်တွယ်မှု အားနည်းခဲ့သည့် အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဒိုင်လုပ်ငန်းဌာန၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အနေဖြင့် အောင်မြင့်ထွန်း၏ အပြုအမူမှာ ဘောလုံးဥပဒေ (၁၂)ပါ ကြီးလေးသော ပြစ်မှုကျူးလွန် ကစားခြင်း ဟု သတ်မှတ်ခဲ့သည်။ Serious Foul Play ပြစ်ဒဏ်အရ “ဘောလုံးကစားနေစဉ် ကစားသမား တစ်ဦးသည် ဘောလုံးကို ရယူရန် လုယူဖျက်ထုတ် ကစားရာတွင် လိုအပ်သည့် အင်အားထက် အလွန်အကျွံသုံးစွဲခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်စွာ ကစားမှုပြုပါက ကြီးလေးသော ပြစ်မှုကို ကျူးလွန်ကစားခြင်း ဖြစ်သည်” ဟု ဖော်ပြထားရာ ကွင်းလယ်ဒိုင် အနေဖြင့် အနီကတ်ပြသရမည့် သတ်မှတ်ချက်အား လိုက်နာဆောင်ရွက်မှု လွဲမှားခဲ့သည့် အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အလားတူပင် မတ် ၄ ရက်က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြသည့် ဇွဲကပင် အသင်းနှင့် စစ်ကိုင်းအသင်းတို့၏ ပွဲစဉ်ကို ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင် ဦးကျော်ဇောလွင်ကိုလည်း ပွဲချိန်အတွင်း ဆုံးဖြတ်ချက်များ အားနည်းခဲ့သည့် အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အဆိုပါ ပွဲများကို ကိုင်တွယ်ခဲ့ကြသည့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများ ဖြစ်သည့် ဦးမြတ်သူနှင့် ဦးကျော်ဇောလွင်တို့အား MPT Myanmar National League 2018 ပွဲစဉ် (၉)နှင့် ပွဲစဉ် (၁၀) ပွဲများတွင် တာဝန်ပေးအပ်ခြင်း မပြုပဲ ခေတ္တရပ်စဲထားရန် ဒိုင်လုပ်ငန်းဌာန၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဆုံးဖြတ်ခဲ့ပြီး နောက်နောင် တာဝန်ယူဆောင်ရွက်မည့် ပွဲများတွင် ယခုကဲ့သို့ အငြင်းပွားစရာ၊ မပြတ်သားသော ဆုံးဖြတ်ချက်များ ထပ်မံဖြစ်ပေါ်ပါက ယခုထက် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်မည် ဖြစ်ကြောင်း သတိပေးမှု ပြုလုပ်ခဲ့သည်။