လက်ရွေးစင်တစ်ယောက်ဖြစ်လာရန် အထိ ရည်မှန်းထားကြောင်း ဂိုးသွင်းဘုရင် အေးအေးသက်ဖွင့်ဟ

August 28, 2018

MPT University Football Tournament 2018 အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်းဘုရင်ဆု ရရှိခဲ့သည့် အောက်မြန်မာပြည်ယူနီဗာစတီ(က)အသင်းတိုက်စစ်မှူး အေးအေးသက်က အနာဂတ်တွင် နိုင်ငံ့လက်ရွေးစင်ကစားသမား တစ်ယောက်ဖြစ်လာရန်အထိ ရည်မှန်းထားသည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။

အဆင့်မြင့်ပညာဦးစီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နဲ့ MPT တို့ ပူးပေါင်းပြီး သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ယင်းပြိုင်ပွဲတွင် အောက်မြန်မာပြည်ယူနီဗာစတီအသင်းမှာ ဒုတိယငွေတံဆိပ် ရရှိခဲ့ပြီး တိုက်စစ်မှူး အေးအေးသက်ကလည်း သွင်းဂိုး ၈ ဂိုးဖြင့် ဂိုးသွင်းအများဆုံးဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

“ အာဆီယံအားကစားပြိုင်ပွဲ(AUG)မှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်ထားပါတယ်။ ဒီကနေတစ်ဆင့် လက်ရွေးစင်အထိ ပါနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဂိုးသွင်းအများဆုံးဆု ရတဲ့အတွက် ၀မ်းသားဂုဏ်ယူပါတယ်။ ဒါကလည်း အသင်းဖော်တွေရဲ့ ပံ့ပိုးမှုကောင်းတာကြောင့် အခုလို ဂိုးတွေသွင်းယူနိုင်တာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

MPT University Football Tournament 2018 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အောက်မြန်မာပြည်ယူနီဗာစတီ(က)အသင်းက အထက်မြန်မာပြည်ယူနီဗာစတီ(က)အသင်းနှင့် ယှဉ်ပြိုင်ဗိုလ်လုခဲ့ရတာဖြစ်ပြီး ၂-၃ ဂိုးဖြင့်အရေးနိမ့်ခဲ့ခြင်းလည်းဖြစ်သည်။

“ ဒါပေမယ့် ပြိုင်ပွဲမှာ ဒုတိယဆုပဲ ရယူနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်မိပါတယ်” ဟု အနောက်ပိုင်းတက္ကသိုလ်  ကျောင်းသူ အေးအေးသက်က ဆိုခဲ့သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံအားကစားပြိုင်ပွဲကို ဒီဇင်ဘာလအတွင်း နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲအတွက် မူလရွေးချယ်ထားသည့် ပဏာမ ကစားသမားများနှင့် အဆင့်မြင့်ပညာဦးစီးဌာနအဆင့် ပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်သည့် ကစားသမားများကို ပေါင်းစပ်ေ၇ွးချယ်ကာ ပြိုင်ပွဲအား ယှဉ်ပြိုင်သွားမည်ဟု သိရသည်။