နောက်ဆုံး လက်ကျန် ပွဲစဉ်တစ်ပွဲ မတိုင်ခင် ချန်ပီယံဖြစ်လာခဲ့သည့် ရှမ်းယူနိုက်တက် ယူ-၁၉ အသင်း

August 9, 2018

MPT Myanmar National League (U-19) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-21) ပွဲစဉ်တစ်ပွဲအဖြစ် သြဂုတ် ၉ ရက်(ယနေ့) ညနေက ပဒုမ္မာကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရှမ်းအသင်းက ၂-၁ ဂိုးဖြင့် အနိုင် ရခဲ့သည်။

ရှမ်းအသင်းသည် ပွဲစတင်သည်နှင့် ဟံသာဝတီအသင်းဘက်သို့ ဖိအားပေးတိုက်စစ်ဆင်ခဲ့သော်လည်း ကစားပုံမာကျောသည့် ဟံသာဝတီအသင်း၏ မာမာထန်ထန် တုံ့ပြန်မှုကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ သို့သော်ပွဲချိန် ၂၃ မိနစ်တွင် ရှမ်းအသင်းမှ ပင်နယ်တီ ရရှိခဲ့ပြီး အဆိုပါပင်နယ်တီအား အသင်းခေါင်းဆောင်ဝင်းလွင်ထွန်းက အမှားအယွင်းမရှိ ကန်သွင်းခဲ့သည်။ ဟံသာဝတီအသင်းသည် ပင်နယ်တီ ပေးခဲ့ရပြီးနောက်ပိုင်းတွင်အသင်း ကစားပုံ အနည်းငယ်ပျက်သွားခဲ့ပြီး ပွဲချိန် ၂၆ မိနစ်တွင် ရှမ်းအသင်းအား ဒုတိယဦးဆောင်ဂိုး ထပ်မံခွင့်ပြုခဲ့ရသည်။ အဆိုပါဂိုးကို ခွန်နေသူရက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းပြီးဆုံးချိန်တွင် ရှမ်းအသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် ဟံသာဝတီအသင်းအား ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် ဟံသာဝတီအသင်းမှ ပထမပိုင်းကဲ့သို့ပင် ရှမ်းအသင်းအား မာမာထန်ထန် တုံ့ပြန်ကစားခဲ့ပြီး ပွဲချိန် ၅၉ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ချေပဂိုးတစ်ဂိုး ရခဲ့သည်။ အဆိုပါပင်နယ်တီကို ချစ်ဘိုဘိုငြိမ်းက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့သည်။ လက်ကျန်မိနစ်များတွင် ရှမ်းအသင်းအနေဖြင့် အနိုင်ရလဒ်ထိန်းကစားနိုင်ခဲ့သည့်အတွက် ပွဲအပြီးတွင် ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အခြားပွဲရလဒ်များအဖြစ် TG-1 ကွင်းတွင် ကစားခဲ့သည့် ဆောက်သမ်းအသင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ်တွင် တစ်ဂိုးစီ သရေကျခဲ့ ပြီး စလင်းကွင်းတွင် ကစားခဲ့သည့် ဇွဲကပင်အသင်းနှင့် စစ်ကိုင်းအသင်းတို့ပွဲတွင် ဇွဲကပင်အသင်းက ၅-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် ပွဲစဉ် ၂၁ ပွဲကစားအပြီးတွင် ဒုတိယနေရာမှ ရတနာပုံအသင်းနှင့် ငါးမှတ် ဖြတ်နိုင်ခဲ့သည့်အတွက် နောက်ဆုံးလက်ကျန်ပွဲစဉ်တစ်ပွဲ မတိုင်ခင်တွင် ချန်ပီယံဖြစ်လာခဲ့ခြင်းဖြစ်သည်။ ရှမ်းအသင်းနှင့် ရတနာပုံအသင်းတို့ ကစားမည့် နောက်ဆုံးပွဲစဉ်ကို လာမည့် သြဂုတ် ၁၈ ရက်၊ ပဒုမ္မာကွင်းတွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးတွင် ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပမည်ဖြစ်သည်။