ဖေဖော်ဝါရီလအတွက် အကောင်းဆုံး ဆုများကို ရန်ကုန်ယူနိုက်တက် အသင်းမှ ရရှိ

March 3, 2018

ဖေဖော်ဝါရီလ အတွက် ပေးအပ်သည့် တစ်လတာ အကောင်းဆုံးဆုများကို လက်ရှိတွင် MPT Myanmar National Legaue 2018 အမှတ်ပေး ဇယားကို ဦးဆောင်နေသည့် ရန်ကုန်ယူနိုက်တက် အသင်းမှ သိမ်းကြုံးရယူ သွားနိုင်ခဲ့သည်။ တစ်လတာ အကောင်းဆုံး နည်းပြဆုကို ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းနှင့် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရန်ကုန်ယူနိုက်တက် တောင်ပံကစားသမား မောင်မောင်လွင်တို့က ရယူနိုင်ခဲ့သည်။

ရန်ကုန်ယူနိုက်တက် အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း အနေဖြင့် ဖေဖော်ဝါရီလ အတွင်း ရန်ကုန်ယူနိုက်တက် အသင်း ယှဉ်ပြိုင်ကစားခဲ့သမျှ လိဂ်ပြိုင်ပွဲ (၄)ပွဲတွင် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီး ၃ ပွဲနိုင် ၁ ပွဲသရေ ကျခဲ့သည်။ ထို့အပြင် ၎င်းသည် ရန်ကုန်ယူနိုက်တက် အသင်း၏ AFC Cup ပွဲစဉ် ၂ ပွဲကိုလည်း အနိုင်ရအောင် စွမ်းဆောင်ပေးထားခဲ့သည်။

ထို့အတူ မောင်မောင်လွင်မှာလည်း ရန်ကုန်ယူနိုက်တက် အသင်း၏ နိုင်ပွဲများအတွက် အဓိက ကစားသမား ဖြစ်ခဲ့ပြီး ပွဲစဉ် အားလုံးတွင် ပွဲထွက်ပါဝင်ခွင့် ရခဲ့ကာ ခြေစွမ်းပြသ နိုင်ခဲ့သူလည်း ဖြစ်သည်။

လအလိုက် အကောင်းဆုံး ဆုများကို ဆက်လက် ချီးမြှင့်သွားမည် ဖြစ်ရာ မတ်လအတွင်း မြန်မာ့လက်ရွေးစင် အသင်း၏ အာရှဖလား ခြေစစ်ပွဲများကြောင့် လိဂ်ပြိုင်ပွဲကို ခေတ္တရပ်နားထားမည် ဖြစ်ရာ မတ်လအတွင်း ကျင်းပမည့် ပွဲစဉ် ၂ ပွဲနှင့် ဧပြီလအတွင်း ကျင်းပမည် ပွဲစဉ်များကို စုပေါင်းပြီးမှသာ လအလိုက် အကောင်းဆုံးဆု (မတ်လ+ဧပြီလ)ကို ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။