ခြေစမ်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိ

August 29, 2018

MPT Myanmar National League 2018  လက်ကျန်ပွဲစဉ်မျာအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့မှာ ယနေ့ ညနေပိုင်းက ခြေစမ်းကစားခဲ့ရာ ရန်ကုန်အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ ခြေစမ်းပွဲကို ရန်ကုန်ယူနိုက်တက်အသင်း၏ အိမ်ကွင်းဖြစ်သည့် မြက်ခင်းတုကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းတွင် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်းမှ ရန်ကုန်အသင်းက အနိုင်ဂိုး ရရှိခဲ့ခြင်းဖြစ်သည်။

ယနေ့ပွဲတွင် ရန်ကုန်အသင်းသည် အဓိက ကစားသမား နှစ်ဦးဖြစ်သည့် ရန်အောင်ကျော်နှင့် ဇော်မင်းထွန်းမှ လွဲ၍ ကစားသမားများ အပြားအများကို ထည့်သွင်းအသုံးပြု ကစားသွားခဲ့သည်။ ရန်ကုန်အသင်းသည် ဒဏ်ရာကြောင့် ပွဲစဉ်အတော်များများအား လွဲချော်နေသည့် ငြိမ်းချမ်းအောင်နှင့် သန်းပိုင်တို့ကိုလည်း ဒုတိယပိုင်းတွင် ထည့်သွင်းအသုံးပြုသွားခဲ့သည်။

ထို့အပြင် ရခိုင်အသင်းမှာလည်း ဆန်းဒေး၊ ကလစ်ဖို့ဒ်၊ တည်ငြိမ်မင်းနှင့် ကောင်းမြတ်ကျော်တို့အပါအ၀င် အဓိက ကစားသမားများ ထည့်သွင်းအသုံးပြု၍ ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ရသည်။

ရန်ကုန်အသင်းအတွက် ဂိုးများကို ပထမပိုင်း ၈ မိနစ်တွင် တိုက်စစ်မှူး အီမန်နျူရယ်နှင့် ၆၅ မိနစ်တွင် ငြိမ်းချမ်းအောင်က ပင်နယ်တီမှ တစ်ဆင့် ရယူပေးခဲ့သည်။ ရခိုင်အသင်းအတွက်တစ်လုံးတည်းသောဂိုးကိုမူ ပွဲချိန် ၄၅+၂ မိနစ်တွင် ဆန်းဒေး၏ ဖန်းတီပေးမှုက တစ်ဆင့် ကောင်းမြတ်ကျော်က ပိတ်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရခိုင်အသင်းမှာ  ဒုတိယပိုင်း မိနစ် ၈၀ ၀န်းကျင်တွင် အပိုင်ဂိုးသွင်းခွင့် တစ်ကြိမ် ရရှိခဲ့သော်လည်း အသုံးမချနိုင်သဖြင့် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။

ရန်ကုန်အသင်းမှာ အနီးစပ်ဆုံး မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်အဖြစ်  ရာသီဥတုကြောင့် ရက်ရွှေ့ဆိုင်းထားခဲ့ရသည့် ရန်ကုန်ယူနိုက်တက်-ဟံသာဝတီယူနိုက်တက် ပွဲစဉ်အား ယှဉ်ပြိုင်ရမည်ဖြစ်ပြီး  ရခိုင်ယူနိုက်တက်အသင်းမှာ ပွဲစဉ်(၂၁)တွင် ရှမ်းယူနိုက်တက်အသင်းနှင့်  တွေ့ဆုံ ယှဉ်ပြိုင်ရမည်ဖြစ်သည်။