မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အယူခံကော်မတီမှ ဆောက်သမ်းမြန်မာအသင်းနည်းပြချုပ် ဦးကျော်မင်း အပေါ် ချမှတ်ထားသည့် စည်း/ထိန်း ပြစ်ဒဏ်အား ပြောင်းလဲပြင်ဆင်ချမှတ်

June 25, 2018

မြန်မာနေရှင်နယ်လိဂ်အမှတ်ပေး ဘောလုံးပြိုင်ပွဲဝင် ဆောက်သမ်းမြန်မာအက်ဖ်စီအသင်းသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၀) ရက်တွင် ချမှတ်ခဲ့သည့်  ဆောက်သမ်းမြန်မာ-ဧရာဝတီယူနိုက်တက် ပွဲစဉ်အပြီး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ အယူခံကော်မတီသို့ တင်ပြလာခဲ့ပါသည်။

ဆောက်သမ်းမြန်မာအသင်း၏ ၂၀-၆-၂၀၁၈ ရက်စွဲပါ အယူခံတင်ပြစာနှင့် ပတ်သက်၍ အယူခံကော်မတီဥက္ကဌဦးတင်အောင်၊ အဖွဲ့ဝင် ဦးဇော်မင်းစိန် (တရားလွှတ်တော်ရှေ့နေ)နှင့် အဖွဲ့ဝင် ဦးလှရွှေလေး(မြန်မာ့လက်ရွေးစင်ဟောင်း)တို့ ပါဝင်သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အယူခံကော်မတီမှ ပြိုင်ပွဲကျင်းပရေး တာဝန်ခံ၏ အစီရင်ခံစာအပါအ၀င် ကျန်အစီရင်ခံစာများနှင့် မှတ်တမ်းတင် Video တို့ကို ကြည့်ရှုလေ့လာပြီးနောက် ယခုကဲ့သို့ ပြောင်းလဲပြင်ဆင် ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည်  အဆိုပါပွဲစဉ်အပြီး နည်းပြချုပ် ဦးကျော်မင်းအပေါ် အနီးစပ်ဆုံး (၂) ပွဲ ကွင်းအတွင်း ၀င်ရောက်ကြီးကြပ်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် (၅၀၀၀၀၀ိ) ငါးသိန်း ပေးဆောင်ရန် ချမှတ်ထားခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် အဆိုပါဆုံးဖြတ်ချက်အစား  အနီးစပ်ဆုံး (၁) ပွဲ ကွင်းအတွင်း ၀င်ရောက်ကြီးကြပ်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် (၃၀၀၀၀၀ိ) သုံးသိန်းပေးဆောင်ရန် အယူခံကော်မတီမှ ပြောင်းလဲ အမိန့်ချမှတ်လိုက်သည်ကို တွေ့ရသည်။

သို့သော် ဆောက်သမ်းမြန်မာအသင်းမှ ထူးထူးအောင် အပေါ် ချမှတ်ထားသည့် ဆုံးဖြတ်ချက်မှာ ယခင်အတိုင်းသာဖြစ်သည်။

ဆောက်သမ်းမြန်မာအသင်း၏  အယူခံတင်သွင်းလာမှုအပေါ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အယူခံကော်မတီမှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) ကစားသမား ထူးထူးအောင်အား ချမှတ်ထားသည့် ပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ ထူးထူးအောင်၏ ပြုမှုလုပ်ဆောင်ချက်များသည် တစ်ဖက်ကစားသမားအား စိတ်လိုက်မာန်ပါဖြင့် အင်အားသုံး တုံ့ပြန်ပြီး အားကစားသမားကောင်း တစ်ဦးတွင် ရှိသင့်သော စိတ်ဓာတ်ကင်းမဲ့စွာ တစ်ဖက်ဘောလုံးသမားအပေါ် ပြုမူသည့်အတွက် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ ဆုံးဖြတ်ချက်ကို ဆက်လက်အတည်ပြု၍ ထူးထူးအောင်၏ အယူခံကို ပယ်လိုက်သည်။

(ခ) နည်းပြချုပ် ဦးကျော်မင်းအား ချမှတ်ထားသည့် ပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ စည်းကမ်းထိန်းသိမ်းရေးမူအပိုဒ် (၁၄)တွင် (“ဒိုင်လူကြီး၏ အရေးယူခြင်းခံရလျင်”) ဟူ၍ စကားရပ် ပါရှိသော်လည်း ဒိုင်လူကြီးများက အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၁၄) အရ ချမှတ်ထားသော ပြစ်ဒဏ်များကို ပယ်ဖျက်လိုက်သည်။ သို့ရာတွင် ဦးကျော်မင်း၏ ပြုမူ လုပ်ဆောင်ချက်များသည် သာမန်ထက်လွန်ကဲနေသည့် အပြင် အခြားဘောလုံးအသင်းများမှ တာဝနှ်ရှိသူများ အလားတူဖြစ်ရပ်မျိုး ပြုလုပ်လာခြင်းမှ ကာကွယ်သည့်အနေဖြင့်  စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၁၈) အရ ပြောင်းလဲပြီး အနီးစပ်ဆုံး (၁) ပွဲ ကွင်းအတွင်း ၀င်ရောက်ကြီးကြပ်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် (၃၀၀၀၀၀ိ) သုံးသိန်းပေးဆောင်ရန် အမိန့်ချမှတ်လိုက်သည်။

(ဂ) အရံဒိုင်လူကြီး  ဦးသိန်းထွန်း၏ အစီရင်ခံစာတွင် ဆောက်သမ်းမြန်မာအသင်းအသင်း ဂိုးရရှိပြီးချိန်တွင် ဦးကျော်မင်း၏ အောင်ပွဲခံခြင်းနှင့် စပ်လျဉ်း၍ (“ဆက်လက်ဆောင်ရွက်နိုင်ပါရန် တင်ပြအပ်ပါသည်”) ဟု ရေးသားခဲ့ခြင်းသည် တာဝန်ပေါ့လျော့လွန်းသည်ဟု သုံးသပ်တွေ့ရှိရပါသည်။ ၎င်းအနေဖြင့် ကွင်းလယ်ဒိုင်လူကြီးအား ချက်ခြင်းအကြောင်းကြားပြီး ဒိုင်လူကြီးမှ အရေးယူဆောင်ရွက်နိုင်ပါရန် ပြုလုပ်ရပါမည်။ ထို့ကြောင့် အရံဒိုင်လူကြီး ဦးသိန်းထွန်းအား ဒိုင်ကော်မတီမှ သင့်တော်သလို အရေးယူသင့်ပါကြောင်း ဆုံးဖြတ်ပါသည်။