မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပသည့် MPT Myanmar National League 2018 ဘောလုံးပြိုင်ပွဲများတွင်
စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကစားမည့် စစ်ကိုင်းယူနိုက်တက်အသင်း၏ အိမ်ကွင်းဖွင့်ပွဲ အခမ်းအနားနှင့် စစ်ကိုင်းယူနိုက်တက်-ရခိုင်ယူနိုက်တက်
တို့ ယှဉ်ပြိုင်ကစားကြမည့် ပွဲစဉ်အား ဇန်န၀ါရီ ၁၁ ရက်နေ့ တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
စစ်ကိုင်းယူနိုက်တက်(ယခင်မဟာယူနိုက်တက်) ဘောလုံးအသင်းသည် ၂၀၁၇ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲတွင် အဆင့် ၂ ရရှိပြီး
မြန်မာနေရှင်နယ်လိဂ် ၁ သို့ ပထမဆုံးအကြိမ် တန်းတက်နိုင်ခဲ့ခြင်းဖြစ်ရာ အိမ်ကွင်းအဖြစ် ယခင်ဇေယျာရွှေမြေ အသင်း အသုံးပြုခဲ့သည့် မုံရွာကွင်းကို အိမ်ကွင်းအဖြစ် ဆက်လက် အသုံးပြုမည်ဖြစ်သည်။
လာမည့်နှစ်တွင် မုံရွာကွင်းအား အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရေး အတွက် ယနေ့ ဇန်န၀ါရီ ၃ ရက်က မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်နှင့် အတူ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးဌာနမှ တာဝန်ရှိသူများ၊ MPT တာဝန်ရှိသူများ လိုက်ပါလျှက် မုံရွာကွင်း၏ အခြေအနေအား သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီဖြစ်သည်။
MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အသင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်
စစ်ကိုင်းယူနိုက်တက် ဘောလုံးအသင်းအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ပြည်သူများထံသို့ အပ်နှံပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်က က မုံရွာမြို့၊ မြို့တော်ခန်းမတွင်
ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။
သို့သော် စစ်ကိုင်းတိုင်းဒေသကြီးမှ ဘောလုံးချစ်ပရိသတ်များနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ တစ်သားတည်း ဖြစ်စေရန် အလို့ငှာ အသင်းအိမ်ကွင်းဖွင့်လှစ်ပွဲနှင့်
ပရိသတ်ထံမိတ်ဆက်အပ်နှံပွဲအခမ်းအနားကို ဖျော်ဖြေရေးအစီအစဉ်များနှင့်အတူ
စည်ကားသိုက်မျြိက်စွာ ကျင်းပပြုလုပ်သွားရန် စီစဉ်ထားခြင်းဖြစ်ပါသည်။
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ရာ ထိုစဉ်က စစ်ကိုင်းတိုင်း ဒေသကြီးကို ကိုယ်စားပြု၍
ဇေယျာရွှေမြေ အသင်းက ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ သို့သော် ၂၀၁၆ ဘောလုံးရာသီ အပြီးတွင် အကြောင်းအမျိုးမျိုးကြောင့်
အသင်းဖျက်သိမ်းသွားခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် စစ်ကိုင်းတိုင်းဒေသကြီးကို ကိုယ်စားပြုသည့် ပရော်ဖက်ရှင်နယ်လိဂ်အသင်းတစ်သင်း ပြန်လည် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
စစ်ကိုင်းယူနိုက်တက်အသင်း၏ အိမ်ကွင်းသစ်ဖွင့်ပွဲအခမ်းအနားကို ဇန်န၀ါရီ ၁၁ ရက်နေ့ ညနေ ၂ နာရီတွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားအပြီးတွင်
အသင်း၏ အိမ်ကွင်းသစ် ပထမဆုံး ပွဲစဉ်အဖြစ် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ယင်းနေ့ ညနေ ၃း၃၀ အချိန်တွင် ဆက်လက် ယှဉ်ပြိုင်ကစားမည်ဖြစ်ပါသည်။
မူလက MPT Myanmar National League 2018 Week 1 ပွဲစဉ်များအနက် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်အား ဇန်န၀ါရီ ၁၄ ရက်တွင် ကျင်းပပြုလုပ်သွားရန် ဖြစ်သော်လည်း
စစ်ကိုင်းယူနိုက်တက်အသင်း၏ အိမ်ကွင်းဖွင့်လှစ်ပွဲ အခမ်းအနားပြုလုပ်သွားမည်ဖြစ်သောကြောင့် ဇန်န၀ါရီ ၁၁ သို့ ပြောင်းရွှေ့ကျင်းပရခြင်းဖြစ်ပါသည်။