စစ်ကိုင်းယူနိုက်တက်အသင်း၏ အိမ်ကွင်းဖွင့်ပွဲအခမ်းအနား စည်းကားသိုက်မြိုက်စွာ ကျင်းပ

January 11, 2018

မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတစ်သင်းဖြစ်သည့် စစ်ကိုင်းယူနိုက်တက်အသင်း၏ မုံရွာအိမ်ကွင်း ဖွင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီ ၁၁ ရက်(ယနေ့) ညနေက စည်းကားသိုက်မြိုက်စွာ ကျင်းပဖွင့်လှစ်နိုင်ခဲ့သည်။

မုံရွာအိမ်ကွင်းဖွင့်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ စစ်ကိုင်း တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ မြန်မာနေရှင်နယ်လိဂ်၏ မိတ်ဖက် ဖြစ်သည့် MPT COO Mr.Yoshiaki Benino၊ MPT မှ Deputy COO ဦးနိုင်ကိုကို ၊ စစ်ကိုင်းယူနိုက်တက်အသင်း ပိုင်ရှင် ဦးချစ်မျိုးထိုက် (ဖိုးချစ်)၊ ရခိုင်ယူနိုက်တက်အသင်း ပိုင်ရှင် ဦးဇော်မင်းသိန်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များနှင့် တာဝန်ရှိသူများ၊ သတင်းနှင့်စာနယ်ဇင်းများ တက်ရောက်ခဲ့ကြသည်။

အိမ်ကွင်းဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ စစ်ကိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မြန်မာနေရှင်နယ်လိဂ်ဘောလုံးပွဲစဉ်များကို မုံရွာမြို့ကြီးမှာ ပြန်လည်ကြည့်ရှု့ခွင့်ရရှိပြီဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု စစ်ကိုင်းယူနိုက်တက်အသင်းကို ရည် ရွယ်ကောင်းများဖြင့် တည်ထောင်ပေးခဲ့သည့် စစ်ကိုင်း ယူနိုက်တက်အသင်းပိုင်ရှင် ဦးချစ်မျိုးထိုက်(ဖိုးချစ်) နှင့် တာဝန်ရှိသူများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အကြီးအကဲအနေဖြင့်ရော ဘောလုံးချစ်ပရိသတ် တစ်ယောက်အနေဖြင့်ပါ ကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၁၈ မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲများအတွက် ငွေကြေးကုန် ကျခံ၍ Partner Sponsor အဖြစ် ပံ့ပိုးပေးပါသော MPT ၏ တာဝန်ရှိသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး ကိုယ်စားပြု စစ်ကိုင်းယူနိုက်တက်အသင်းအနေဖြင့် MPT Myanmar National League ပြိုင်ပွဲကြီးတွင် အောင်မြင်မှုများ ရရှိရုံသာမကဘဲ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် ဘောလုံးကစားသမား မွေးထုတ်ပေးနိုင်အောင် ကြိုးစားပေးကြပါရန် တိုက်တွန်းပြောကြား ခဲ့သည်။

ထို့နောက် MPT မှ Deputy COO ဦးနိုင်ကိုကိုက ဂုဏ်ပြုစကားပြောကြားခဲ့ပြီး MPT အနေဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်တို့နှင့်ပူးပေါင်းကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သက်တမ်းလိုက် ဘောလုံးပြိုင်ပွဲများ၊ တက္ကသိုလ်ဘောလုံး ပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၏ သတင်းအချက်အလက်များကို မြန်မာ့အသံနှင့် Social Media များပေါ်တွင် ကြည့်ရှု့နိုင်အောင် ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ ဘောလုံးအားကစားအား အသက်အရွယ်မရွေး၊ ကျား/မ မရွေး ကစားနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာ့ဘောလုံးလောကတိုးတက်ဖို့ MNL နှင့် ပူးပေါင်းလုပ်ဆောင်ရ သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။

စစ်ကိုင်းယူနိုက်တက်အသင်းပိုင်ရှင် ဦးချစ်မျိုးထိုက်မှလည်း စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းအား ဖိုးချစ် ဘောလုံးအသင်းဆို တာထက် စစ်ကိုင်းတိုင်းအသင်းသာဖြစ်ချင်ကြောင်း၊ စစ်ကိုင်းတိုင်း တစ်တိုင်းလုံး ပါဝင်သည့် အသင်းမျိုး ဖြစ်ချင်ကြောင်း၊ စစ်ကိုင်းယူနိုက်တက်အသင်းအနေဖြင့် ဒေသတွင်း၌ နည်းပြ လိုင်စင်သင်တန်းများဖွင့်လှစ်ပေးရန် ရှိပါကြောင်း၊ စာသင်ကျောင်းများနှင့် ချိတ်ဆက်ကာ စစ်ကိုင်းတိုင်းဒေသတွင်းရှိ လူငယ်များ နိုင်ငံ့ လက်ရွေးစင်များ ဖြစ်လာနိုင်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အခမ်းအနား အစီအစဉ်အရ ကွင်းအတွင်းသို့ ရောက်ရှိနေသည့် ကျောင်းသားလူငယ်များ၏ ဘင်ခရာတီးဝိုင်းများမှ ချီတက်အလေးပြုခဲ့ကြပြီးနော က်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ အမှာစကားပြောကြား ခဲ့သည်။

ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်အနေဖြင့် ဘောလုံးကစားသမားများ အစဉ်အဆက် ထွက်သည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ ပြန်လည်ကျင်းပရသည့်အတွက် မင်္ဂလာရှိသည့် နေ့တစ်ဖြစ်ပါကြောင်း၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့မှ  အသိအမှတ်ပြုထားသည့် ပြိုင်ပွဲတစ်ခုဖြစ်ပါကြောင်း၊ စစ်ကိုင်းကိုယ်စားပြု အသင်းကြီး တစ်သင်းထွက်လာကြောင်း၊ မြို့နယ်ဒေသခံများပါသည့် ဘောလုံးအသင်းတစ်သင်းမှသည့် နိုင်ငံတကာမှ အသိအမှတ်ပြု သည့် ဘောလုံးအသင်းတစ်ဖြစ်အောင် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဘောလုံးပွဲများ ဖြစ်မြောက်နိုင်ရန် ကူညီပေးသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ နှင့် စာသင်ကျောင်းများတွင် ဘောလုံးကစားနိုင်ရန် ရည်ရွယ်၍ ဘောလုံး အလုံး ၅၀၀ အား လှူဒါန်းခဲ့ပြီး စစ်ကိုင်း တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ လက်ခံရယူခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ စစ်ကိုင်းယူနိုက်တက်အသင်း ပိုင်ရှင် ဦးချစ်မျိုးထိုက်နှင့် ရခိုင် ယူနိုက်တက်အသင်းပိုင်ရှင် ဦးဇော်မင်းသိန်းတို့မှ ဖဲကြိုးဖြတ်ကာ မုံရွာဘောလုံးကွင်းအား ဖွင့်လှစ်ပေးခဲ့သည်။