စစ်ကိုင်းယူနိုက်တက်-ရခိုင်ယူနိုက်တက် ထိပ်တိုက်တွေ့ ဆုံမှုနဲ့  အနောက်မြောက်တိုင်းမြို့ တော်မှာ စတင်ဖွင့်လှစ်သွားမယ့် MPT Myanmar National League 2018
= – = – = – = – – = – = – = – = – = – = – = – = – = – =
(၁၀)ကြိမ်မြောက် ဖြစ်လာမယ့် MPT Myanmar National League 2018 ပြိုင်ပွဲကြီးကို စစ်ကိုင်းယူနိုက်တက်-ရခိုင်ယူနိုက်တက် ရဲ့ ရာသီအစ အဖွင့်ပွဲစဉ်နဲ့အတူ ဇန်န၀ါရီ ၁၁ ရက်မှာ ကျင်းပသွားတော့မှာပါ။
MPT Myanmar National League 2018 ရာသီကို ပုံမှန် ကျင်းပနေကျအတိုင်း ပြိုင်ပွဲဝင် ၁၂ သင်းကို အိမ်ကွင်း၊အဝေးကွင်း စနစ်နဲ့ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။ MPT Myanmar National League 2018 မှာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ရတနာပုံအက်ဖ်စီ၊ ဧရာဝတီယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ မကွေးအက်ဖ်စီ၊ ဆောက်သမ်းမြန်မာ၊ ဇွဲကပင်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ဂျီအက်ဖ်အေ၊ တန်းတက်အသင်းများဖြစ်တဲ့ စစ်ကိုင်းယူနိုက်တက်(ယခင်မဟာယူနိုက်တက်)နှင့် မြ၀တီအက်ဖ်စီ တို့ ယှဉ်ပြိုင်မှာပါ။
လူငယ်မြန်မာနည်းပြတွေရဲ့ နည်းစနစ်၊ နည်းဗျူဟာ အားပြိုင်မှု၊ ပုံမှန်အသုံးပြုနေကျ နိုင်ငံခြားကစားသမားတွေ နေရာမှာ ပြည်တွင်း ကစားသမားတွေ နေရာယူလာနိုင်မှု၊ ထိုင်းလိဂ်ပြိုင်ပွဲရဲ့ ပြောင်းလဲလိုက်တဲ့ အာဆီယံကစားသမားခေါ်ယူမှု စည်းမျဉ်းသစ်၊ ယူ-၂၁ အသင်းမှ ကစားသမား သုံးဦး စီနီယာအသင်းကြီးနဲ့ အတူ ပူးတွဲမှတ်ပုံတင် ကစားခွင့်ပြုမှု စတဲ့ အားသာချက်တွေနဲ့ ရင်ခုန်စိတ် လှုပ်ရှားစွာ ကြည့်ရှုအကဲဖြတ်ခွင့်ရမယ့် ရာသီ (၁၀) ခုမြောက် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီး စတင်ပါပြီ. . .
၁၁-၁-၂၀၁၈
စစ်ကိုင်းယူနိုက်တက်-ရခိုင်ယူနိုက်တက် – ၃း၃၀ – မုံရွာ Live- MRTV, MRTV Sports, For Sports
MPT Myanmar National League 2018 ရာသီဟာ စစ်ကိုင်းယူနိုက်တက်-ရခိုင်ယူနိုက်တက် ထိပ်တိုက်တွေ့ဆုံမှုပွဲစဉ်နဲ့ စတင်ဖွင့်လှစ်တော့မှာပါ။ ဒါဟာ မြန်မာနေရှင်နယ်လိဂ် မျက်နှာသစ်အသင်းသစ် တစ်သင်းအနေနဲ့ မြန်မာနေရှင်နယ်လိဂ် အတွေ့အကြုံရင့် ရခိုင်အသင်းကို အိမ်ကွင်းပွဲဦးထွက် ပွဲစဉ်အဖြစ် စတင်ယှဉ်ပြိုင်ရခြင်းလည်းဖြစ်ပါတယ်။ စစ်ကိုင်းယူနိုက်တက်အသင်း အနေနဲ့ အိမ်ကွင်းအဖြစ် တစ်ချိန်က ဇေယျာရွှေမြေအသင်း အသုံးပြုခဲ့ဖူးတဲ့ မုံရွာကွင်းကို ၎င်းတို့ရဲ့ အိမ်ကွင်းအဖြစ် အသုံးပြုသွားမှာပါ။ ဇေယျာရွှေမြေအသင်းဆိုတာ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းအလိုအထိ ရောက်ရှိ အောင်မြင်ခဲ့ဖူးတဲ့ အသင်းဖြစ်ပြီး ကျော်ကိုကို၊ ရန်နိုင်ဦး အစရှိတဲ့ လက်ရွေးစင်ကစားသမားတွေကိုလည်း မွေးထုတ်ပေးနိုင်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။
အခုတော့ ဘောလုံးချစ်ပရိသတ်တွေ တည်ရှိရာ အနောက်မြောက်တိုင်းမြို့တော်ဆီ စစ်ကိုင်းယူနိုက်တက်အသင်း အသစ်တစ်ဖန်မွေးဖွား လာခဲ့ပါပြီ။ စစ်ကိုင်းယူနိုက်တက်တစ်ဖြစ်လည်း ယခင်မဟာယူနိုက်တက် အသင်းကို နည်းပြချုပ်ဦးဇော်လင်းထွန်း(၂) က တာဝန်ယူထားပြီး လက်ရွေးစင်ဟောင်း မိုးဝင်းလို ကစားသမားကို ခေါ်ယူထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီက အသုံးပြုခဲ့တဲ့ ဖရိုက်ဒေး၊ ဆင်မြူရယ်စတဲ့ ပြည်ပကစားသမားတွေလည်း ဆက်လက်စာချုပ်ထားခဲ့ပြီး လူငယ်ကစားသမားတွေပါ ပိုင်ဆိုင်ထားတဲ့အသင်းပါ။
ဒါပေမယ့် စစ်ကိုင်းအသင်း ဧည့်ခံယှဉ်ပြိုင်ရမယ့် အသင်းက လွယ်လွယ်ကူကူ ကျော်ဖြတ်အနိုင်ယူလို့ရမယ့် အသင်းမျိုးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီမှာ ပုံစံကောင်းပြပြီး အဆင့် ၅ နေရာကို ရပ်တည်နိုင်ခဲ့တဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ရခိုင်အသင်းအနေနဲ့ ရာသီသစ်အတွက် တိုက်စစ်မှူး ဆန်းဒေးမက်သရူးကို ပြန်လည်ခေါ်ယူခဲ့တဲ့အပြင် မြန်မာနေရှင်နယ်လိဂ် အတွေ့အကြုံရင့် ကလစ်ဖို့ဒ်လို ကစားသမားကိုပါ ခေါ်ယူအားဖြည့်ထားနိုင်တဲ့အသင်းပါ။ ပြည်ပကစားသမားလေးဦးစလုံးကို ခေါ်ယူအသုံးပြုလာမှာဖြစ်ပြီး ကောင်းချစ်နိုင်၊ နေမျိုးအောင်၊ ကျော်ဇင်လတ် စတဲ့ပြည်တွင်းကစားသမား ငါးဦးကို ခေါ်ယူထားတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် ယူ-၂၁ အသင်းမှာ ခြေစွမ်းထက်လို့ စီနီယာအသင်းကို တက်လှမ်းခွင့်ရလာတဲ့ တည်ငြိမ်မင်း၊ နေသူရအောင်၊ ကျော်သက်ခိုင်တို့ကိုလည်း ပါဝင်နေတာကြောင့် ရခိုင်အသင်းရဲ့ လူစာရင်းက အတောင့်တင်းဆုံးအနေအထားမှာ ရှိနေပါတယ်။
ဒါကြောင့် မုံရွာမြို့ခံပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှု၊ နှစ်သင်းစလုံး ရာသီအဖွင့် ရလဒ်ကောင်း ရရှိဖို့ ကြိုးစားလာမှာကြောင့် ဒီပွဲစဉ်ဟာ အကြိတ်အနယ်ရှိပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ မလွဲဧကန်ပါပဲ။
ဒီပွဲစဉ်မတိုင်မီ စစ်ကိုင်းယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းသစ်ဖွင့်ပွဲ၊ ပရိသတ်မိတ်ဆက်ပွဲအခမ်းအနားကို နိုင်ငံကျော်အနုပညာရှင်များရဲ့ ဖျော်ဖြေတင်ဆက်မှုများနဲ့ မွန်းလဲ ၁ နာရီ
အချိန်မှ စတင်သွားမှာဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
= = = = = = = = = = = = = = = = = = = = = =
၁၂-၁-၂၀၁၈
ဇွဲကပင်ယူနိုက်တက်- ရှမ်းယူနိုက်တက် – သုဝဏ္ဏ – ၄း၀၀ – For Sports
မြန်မာနေရှင်နယ်လိဂ် အလယ်အလတ်အသင်းတစ်သင်းဖြစ်တဲ့ ဇွဲကပင်အသင်းအနေနဲ့ ပွဲဦးထွက်မှာ လက်ရှိချန်ပီယံ ရှမ်းအသင်းကို ဧည့်ခံယှဉ်ပြိုင်သွားရမှာပါ။ နည်းပြချုပ်နေရာအတွက် ယခင် ချင်းနည်းပြချုပ်ဟောင်း ဦးမင်းထွန်းလင်းကို ခန့်အပ်ခဲ့တဲ့အပြင် ပြည်ပကစားသမား လေးဦးစလုံးကိုလည်း ရာသီသစ်မှာ အသုံးပြုသွားဖို့ ရှိနေတဲ့အသင်းပါ။ ဒါ့အပြင် ရှမ်းအသင်းနဲ့ တွေ့ဆုံတိုင်း မထင်မှတ်တာတွေ လုပ်ပြတတ်တဲ့ ဇွဲကပင်အသင်းအနေနဲ့ ဒီတစ်ကြိမ်မှာရော ဘယ်လို ရလဒ်မျိုးထွက်ပေါ်အောင် စွမ်းဆောင်လာမလဲ ဆိုတာ စိတ်ဝင်စားဖွယ်ရာပါ။ တစ်ဖက်မှာ ရှမ်းအသင်းအနေနဲ့ အမှတ်ပေးချန်ပီယံဆု ကာကွယ်ဖို့ အပြောင်းအလဲများ ပြုလုပ်ထားသလို အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက်လည်း လူအင်းအား ဖြည့်တင်း ထားတာတွေ့ရမှာပါ။ ရှမ်းအသင်းဟာ ဒီပွဲပြီးရင် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ကစားဖို့လည်း ရှိနေပါတယ်။ အင်ပြည့်အားပြည့် ကစာသွားမလားဆိုတာ စောင့်ကြည့်ရမှာပါ…။
ပြီးခဲ့တဲ့နှစ်က ဒီနှစ်သင်းတွေ့ဆုံမှုမှာ ပထမအကျော့ ဇွဲကပင်က တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ယူထားပြီး ဒုတိယအကျော့မှာ ရှမ်းအသင်းက နှစ်ဂိုးပြတ် ပြန်လည် အနိုင်ယူထားပါတယ်။
= = = = = = = = = = = = = = = = = = = = = =
၁၃-၁-၂၀၁၈
မြ၀တီအက်ဖ်စီ-မကွေးအက်ဖ်စီ – ၄း၀၀ – အောင်ဆန်း Live- MRTV, For Sports
လိဂ် ၁ ပြိုင်ပွဲကို တန်းတက်ကစားဖို့ အကြိမ်ကြိမ် ကြိုးပမ်းနေခဲ့တဲ့ မြ၀တီအက်ဖ်စီ အသင်းအတွက် ယခုနှစ် MPT Myanmar National League 2018 ရာသီမှာ ၎င်းတို့ရဲ့ ဆန္ဒတွေပြည့်ဝသွားခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ မြ၀တီအသင်း ပွဲဦးထွက်မှာ ရင်ဆိုင်ရမယ့်အသင်းက မြန်မာနေရှင်နယ်လိဂ် ထိပ်သီးအသင်းတွေကို အချိန်မရွေး ဖြိုလှဲနိုင်စွမ်းရှိတဲ့ မကွေးအက်ဖ်စီအသင်းပါ။
မြ၀တီအသင်းအနေနဲ့ စတင်ယှဉ်ပြိုင်ခွင့်ရတဲ့ ရာသီမှာပဲ ပြည်တွင်းကစားသမားတွေနဲ့ ပွဲထွက်လာဖို့ ရှိနေပါတယ်။ ဒါဟာ တိုင်းပြည်အတွက် လက်ရွေးစင် ကစားသမားတွေ ပိုမို မွေးထုတ်ပေးလိုရင်း မူဝါဒတစ်ခုတည်းကို လက်တွေ့ အကောင်အထည်ဖော်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လိဂ် ၁ ပြိုင်ပွဲမှာ သူတို့အသင်းရဲ့ ခြေစွမ်းခြေစ ဘယ်လောက်အထိ မှတ်ကျောက်တင်ခံနိုင်မလဲဆိုတာ စမ်းသပ်လိုတဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မြ၀တီအသင်းအနေနဲ့ ဇန်န၀ါရီ ၁၃ ရက်မှာ မာကျောမှု ဂုဏ်ဒြပ်တွေနဲ့ ထင်ရှားတဲ့ မကွေးလိုအသင်းနဲ့ တာထွက်မှာ တွေ့ဆုံနေပါပြီ။ မကွေးအသင်းအနေနဲ့လည်း ယခုနှစ်မှာ အပြောင်းအလဲများစွာ ပြုလုပ်ထားတာ တွေ့ရပြီး ပြည်တွင်းအစုအဖွဲ့တွေနဲ့ပဲ ၂၀၁၈ ရာသီကို ဖြတ်သန်းမှာ ဖြစ်ပါတယ်။ နည်းပြချုပ်နေရာမှာ လူငယ်နည်းပြဖြစ်တဲ့ ရခိုင်ယူနိုက်တက်အသင်းနည်းဟောင်း ဦးအောင်ဇော်မျိုးကို ခန့်အပ်ခဲ့သလို ဂျီအက်ဖ်အေ၊ စီးတီးရန်ကုန်၊ ရှမ်း စတဲ့အသင်းတွေကနေ ကစားသမား ၁၂ ဦးအထိ ခေါ်ယူအားဖြည့်ထားတာ တွေ့ရပါတယ်။
ဒါကြောင့် လာမယ့်ပွဲစဉ်မှာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အတွေ့အကြုံရင့် မကွေးအသင်းကပဲ အလွယ်တကူအနိုင်ယူ ကျော်ဖြတ်သွားမလား… တန်းတက်မြ၀တီအသင်းကပဲ မထင်မှတ်တာတွေ လုပ်ပြသွားနိုင်မလားဆိုတာ…။
= = = = = = = = = = = = = = = = = = = =
၁၄-၁-၂၀၁၈
ဟံသာဝတီယူနိုက်တက်- ရန်ကုန်ယူနိုက်တက် – ၃း၃၀ – ပဲခူး Live – MRTV, For Sports
ပဲခူးမြေပေါ်မှာ ဟံသာဝတီနဲ့ ပူပူနွေးနွေး ကွင်းဖွင့်ဖလားချန်ပီယံ ရန်ကုန်အသင်းတို့ ထိပ်တိုက်ရင်တွေ့ကြတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ ရန်ကုန်အသင်းက အသာရလေ့ရှိသလို ပြီးခဲ့တဲ့ရာသီ နှစ်ကျော့စလုံးမှာလည်း ရန်ကုန်အသင်းကပဲ အနိုင်ရထားတာ တွေ့ရပါတယ်။ ဒါပေမယ့် နှစ်သင်းစလုံးအပြောင်းအလဲများ ပြုလုပ်ထားတာကြောင့် ရာသီအဖွင့်ရဲ့ အကြိတ်အနယ် ပွဲစဉ်တွေဆီ ခေါ်ဆောင်သွားမယ့် နောက်ထပ်ပွဲကောင်းတစ်ပွဲလို့ ညွှန်းဆိုရမယ့် ပွဲလည်း ဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ ဟံသာအသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားဖြစ်ခဲ့ဖူးတဲ့ မောင်မောင်လွင် အနေနဲ့ အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဟံသာဝတီအသင်းအနေနဲ့ လက်ရွေးစင်ကစားသမား မောင်မောင်လွင်ကို လက်လွတ်ဆုံးရှုံးခဲ့ရပေမယ့် လူငယ်ကစားသမားတွေကို ဆက်လက်နေရာပေးထားနိုင်ပါတယ်။ ဒါ့အပြင် မာစီယို၊ ဂျူနီယာ စတဲ့ ဘရာဇီးကစားသမားတွေနဲ့ လက်တွဲဖြုတ်ခဲ့ပြီး လိဂ် ၂ ဂိုးသွင်းဘုရင် ဂျိုးဇက်၊ ဂျီအက်ဖ်အေအသင်းက မက်ဆာကီ စတဲ့ပြည်ပကစားသမားတွေကို ပြန်လည် ခေါ်ယူအားဖြည့်ထားပါတယ်။ နောက်ထပ်အားသာချက်တစ်ခုက အသင်းနည်းပြချုပ်အဖြစ် ဦးငွေထွန်းက ဆက်လက်တာဝန်ယူမှာဖြစ်သလို အသင်းနဲ့ ကာလရှည်လက်တွဲလာတဲ့ စင်ကာပူနိုင်ငံသား နည်းစနစ်ဒါရိုက်တာ ဆီဗာဂျီ ကို ဆက်လက် ထိန်းသိမ်းထားနိုင်တာကြောင့် အသင်းရဲ့ ကစားပုံကို ဟန်မပျက် ဆက်လက်ထိန်းသိမ်းသွားနိုင်မယ့် အနေအထားကို တွေ့ရပါတယ်။
ဧည့်သည်ရန်ကုန်အသင်း အနေနဲ့ ရာသီသစ်မှာ ပြင်ဆင်မှုအမြောက်အများ ပြုလုပ်ထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူ မွန်ကီး၊ ဂျပန်ကွင်းလယ်လူ ယာမာဆာကီ၊ အီမန်နျူရယ်၊ မောင်မောင်လွင်၊ ဆွမ်လမ်မန် စတဲ့ကစားသမားတွေကို ခေါ်ယူထားပါတယ်။ အသင်းမှာရှိတဲ့ ကြည်လင်း၊ ငြိမ်းချမ်းအေင် စတဲ့ကစားသမားတွေ ပြန်လည်ကစားနိုင်တာကလည်း နည်းပြချုပ်ဦးမျိုးမင်းအတွက်တော့ အားတက်ဖွယ်ရာပါ။ ဒါပေမယ့် ကျော်ကိုကို၊ ခင်မောင်လွင်၊ ဇော်မင်းထွန်းစတဲ့ အမာခံ ကစားသမားတွေ လက်လွတ်ဆုံးရှုံးလိုက်ရတာ အသင်းအတွက် နစ်နာမှုတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ရာသီအစအဖွင့်ပွဲစဉ်မှာ ရလဒ်ကောင်းဖော်ဆောင်သွားမယ့်အသင်းက ဟံသာဝတီလား… ရန်ကုန်လား ဆိုတာ စောင့်ကြည့်ရမှာပါ….။
= = = = = = = = = = = = = = = = = = = =
၁၅-၁-၂၀၁၈
ဆောက်သမ်းမြန်မာ- ဂျီအက်ဖ်အေ – မော်လမြိုင် – ၃း၃၀ – မော်လမြိုင်ကွင်း၊ FB-Live
ဆောက်သမ်းမြန်မာအသင်းဟာ ဒီရာသီမှာ ပြည်တွင်းကစားသမားတွေကို အများဆုံးခေါ်ယူထားနိုင်တဲ့ အသင်းတွေအနက် တစ်သင်းဖြစ်ပါတယ်။ အိမ်ကွင်းဆို ရလဒ်ကောင်းတွေ့ ပိုမိုရယူနိုင်တဲ့ ဆောက်သမ်းမြန်မာ အနေနဲ့ MPT Myanmar National League 2018 ရာသီအဖွင့်မှာ ချင်းပြည်နယ်ကိုယ်စားပြု ဂျီအက်ဖ်အေအသင်းကို မော်လမြိုင်းကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာပါ။ ပြီးခဲ့တဲ့ရာသီက ဒီနှစ်သင်းတွေ့ဆုံရာမှာ ပထမအကျော့ ဂိုးမရှိသရေကျခဲ့ပြီး ဒုတိယအကျော့မှာ ဆောက်သမ်းက သုံးဂိုးပြတ်အနိုင်ယူထားခဲ့ပါတယ်။
ဆောက်သမ်းအသင်းအနေနဲ့ မကွေးအသင်းက လက်ရွေးစင်ဟောင်း ဟိန်းဇာအောင်၊ ဧရာဝတီယူနိုက်တက်အသင်းက ယူ-၂၃ နောက်ခံလူဟောင်း သိန်းနိုင်ဦး၊ ထူးထူးအောင်၊ အောင်မိုး၊ စတဲ့ ကစားသမားတွေအပြင် ပြည်တွင်း ကစားသမား အများအပြားကို ခေါ်ယူနိုင်ခဲ့လို့ မနှစ်ကထက် ပိုမိုအင်အား တောင့်တင်းလာမှာ အသေအချာပါ။ ဒါ့အပြင် လူငယ်နည်းပြချုပ် ဖေဘီယာနိုကို ဆက်လက်ခေါ်ယူနိုင်ခဲ့ခြင်းက အသင်းအတွက် အင်အားတစ်ရပ်ဖြစ်စေပါတယ်။ ဒါဟာ ၂၀၁၈ မှာ တစ်သင်းတည်းသော ပြည်ပနည်းပြအသုံးပြုမှုအဖြစ် မှတ်တမ်းဝင်မှာလည်း ဖြစ်ပါတယ်။ ဧည့်သည်ဂျီအက်ဖ်အေ အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီအပြီးမှာ မိုင်းအိုက်နိုင်၊ မက်ဆာကီ၊ အီမန်နျူရယ် တို့လို ကစားသမားတွေကို အသင်းက ထွက်ခွာခွင့်ပြုခဲ့ပြီး လူငယ်အများစုနဲ့ ပြန်လည်တည်ဆောက်ထားတဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် အသင်းတွေမှာ စောင့်ကြည့်ချင်စရာ အသင်းတွေထဲမှာ ဆက်လက် ပါဝင်နေဦးမှာပါ။
= = = = = = = = = = = = = = = = = = = = =
၁၅-၁-၂၀၁၈
ရတနာပုံအက်ဖ်စီ-ဧရာဝတီယူနိုက်တက် – မန္တလာသီရိ – ၄း၀၀ Live- For Sports
ရတနာပုံအသင်းဟာ ဒီနှစ်မှာတော့ အသင်းရဲ့ ဆက်တိုက်ကျင့်သုံးလာတဲ့ မူဝါဒကနေ သွေဖယ်ပြီး ပြည်တွင်းကစားသမားတွေကိုပဲ နေရာပေးအသုံးပြု ယှဉ်ပြိုင်သွားမှာပါ။ ဒီအသင်းဟာ ယခုနှစ် MPT Myanmar National league 2018 ရာသီအဖွင့်ကို ပြိုင်ဘက်ကောင်း ဧရာဝတီယူနိုက်တက်အသင်းကို မန္တလာမြေမှာ ဧည့်ခံယှဉ်ပြိုင်သွားရမှာလည်းဖြစ်ပါတယ်။
အမှတ်ပေးချန်ပီယံ လေးကြိမ် ရရှိထားတဲ့ အသင်းအနေနဲ့ နည်းပြချုပ် ရီနီနဲ့လည်း လမ်းခွဲခဲ့ပြီး ပြည်တွင်း လူငယ်နည်းပြ ဦးအောင်ကျော်မိုးကို ခန့်အပ် ခဲ့ပါတယ်။ ဒါ့ပြင် တိုက်စစ်မှူးပိုင်းက အောင်သူကို ထိုင်းကလပ်ကို အငှားစာချုပ်နဲ့ စေလွှတ်လိုက်ရပေမယ့် အသင်းမှာ ၀င်းနိုင်စိုး၊ ၀င်းနိုင်ထွန်း၊ ရှိုင်းသူရ၊ ဘီဘီ အစရှိတဲ့ လူငယ်ကစားသမားတွေ ရှိနေပါသေးတယ်။ ဒါ့အပြင် ကစားသမားဘ၀ကနေ အနားယူသွားတဲ့ ရန်ပိုင်အနေနဲ့လည်း အသင်းနည်းစနစ် အကြံပေးအဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်ပကစားသမားတွေ မပါပေမယ့် ရတနာပုံအသင်းရဲ့ လူအင်အားက တောင့်တင်းနေဆဲလို့ ဆိုရမှာပါ။
ဧရာဝတီအသင်းဆိုတာလည်း ရတနာပုံအသင်းအတွက် အမြဲတမ်း ပြိုင်ဘက်ကောင်း တစ်သင်းဖြစ်ပါတယ်။ ဧရာဝတီအသင်းမှာ ရာသီသစ်အတွက် ကင်မရွန်း တိုက်စစ်မှူး အဒူဘတ်၊ ဘရာဇီးကွင်းလယ်လူ ကတ်စီယို နဲ့ ကင်မရွန်းနောက်ခံလူ ဂျိုစီရယ် စတဲ့ပြည်ပကစားသမားတွေကို ခေါ်ယူထားပြီး လက်ရွေးစင်ဟောင်း တိုက်စစ်မှူး မိုင်းအိုက်နိုင်ကိုလည်း ခေါ်ယူတားတာတွေ့ရပါတယ်။ ဒါ့အပြင် လူငယ်တိုက်စစ်မှူး ကျော်မြင့်ဝင်းကို ယူ-၂၁ အသင်းကနေ စီနီယာအသင်းဆီ ခေါ်ယူထားပါတယ်။ ဒါကြောင့် မင်းမင်းသူ၊ ဖြိုးကိုကိုသိန်း၊ သီဟဇော်၊ တို့လို ကစားသမားတွေနဲ့ ပေါင်းစပ်ယှဉ်ပြိုင်လာမယ့် ဧရာဝတီအသင်းဟာ အိမ်ရှင်အသင်းကို အချိန်မရွေးဒုက္ခပေးနိုင်စွမ်း ရှိနေပါတယ်။
ဒီနှစ်သင်းတွေ့ဆုံတိုင်း အကြိတ်အနယ်ရှိပြီး နှစ်ဖက်သွင်းဂိုးတွေနဲ့ ပရိသတ်ကို ဖမ်းစားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ရာသီ တွေ့ဆုံမှုမှာ ရတနာပုံက နှစ်ကျော့စလုံးအနိုင်ယူထားပြီး ပထမအကျော့မှာ ၄-၃ ဂိုး၊ ဒုတိယအကျော့မှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိထားတာဖြစ်ပါတယ်။ ဒါကြောင့် ယခုတစ်ကြိမ် မန္တလာမြေကွင်းမှာ
ရော….။