Planning & Finance အသင်း ယခုနှစ် MPT Myanmar National League II 2018 ပြိုင်ပွဲတွင် Mountain Lion FC (တောင်ခြင်္သေ့ဘောလုံးအသင်း) အမည်ဖြင့် ပြောင်းလဲယှဉ်ပြိုင်မည်
==============================================
MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲဝင် Planning & Finance အသင်းသည် ယခုနှစ် MPT Myanmar National League II 2018 ရာသီမှ စ၍ Mountain Lion FC (တောင်ခြင်္သေ့ဘောလုံးအသင်း) အမည်ဖြင့် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အသင်းသစ် Mountain Lion FC အသင်းသည် မူလက MPT Myanmar National League II 2018 ပြိုင်ပွဲအား Planning & Finance FC အသင်းအမည်ဖြင့် ယှဉ်ပြိုင်ရန် မြန်မာနေရှင်နယ်လိဂ် ကော်မတီသို့ တင်ပြခဲ့သော်လည်း ယခုအခါ Mountain Lion FC အမည်ပြောင်းလဲ ယှဉ်ပြိုင်ခွင့်ပြုပါရန် အသင်းလိုဂိုနှင့်တကွ ပူးတွဲ လျှောက်ထားလာခဲ့သဖြင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်မှ စတင်၍ မောရဝတီ၊ ဒဂုံ၊ ဖုန်ဂန်၊ ယူနီဗာစတီ၊ Royal ThanLyin FC (ယခင် စီးတီးစတား)၊ Mountain Lion FC (Planning & Finance) နှင့် ငွေကြယ်ပွင့်လေးများ စသည့် ပြိုင်ပွဲဝင် ၇ သင်းဖြင့် သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်းနှင့် စလင်းကွင်းတို့၌ ကျင်းပသွားမည်ဖြစ်ပါသည်။
Mountain Lion FC အသင်းအပြင် စီးတီးစတားအက်ဖ်စီ အသင်းသည်လည်း ရာသီသစ်မှ စတင်၍ ယခင်အသုံးပြုလာခဲ့သည့် အသင်းနာမည်အား Royal ThanLyin FC အမည်ဖြင့် ပြောင်းလဲယှဉ်ပြိုင်ရန် လျောက်ထားလာမှုအပေါ် မြန်မာနေရှင်နယ်လိဂ် ကော်မတီမှ ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စားပြု Mountain Lion FC အသင်းသည် MPT Myanmar National League II 2018 အဖွင့်ပွဲစဉ်အဖြစ် Royal ThanLyin FC အသင်းနှင့် ရင်ဆိုင်သွားရမည်ဖြစ်သည်။