အသင်းကြီး အများစု နိုင်ပွဲဆက်နေဦးမယ့် MPT Myanmar National League 2018 (Week-3) ပွဲစဉ်များ

January 26, 2018

၂၇-၁-၂၀၁၈ ဧရာဝတီယူနိုက်တက် – ရခိုင်ယူနိုက်တက် (ညနေ ၃း၃၀) ပုသိမ်

နှစ်ပွဲကစားပြီးချိန်ထိ နိုင်ပွဲ မရသေးတဲ့ ဧရာဝတီယူနိုက်တက်အသင်းက နိုင်ပွဲလိုအပ်နေပါတယ်။ ပုသိမ်ကွင်းမှာ ဧည့်သည်အဖြစ် လာကစားမယ့် ရခိုင်ယူနိုက်တက်အသင်းကလဲ ခပ်ညံ့ညံ့အသင်း မဟုတ်ပါဘူး။ ဧရာဝတီ အသင်းကစားပုံက တဖြေးဖြေး ပိုကောင်းလာပေ မယ့်လဲ အသင်းလိုက်စုစည်းမှုကစားအားကတော့ အနည်းငယ်လိုအပ်နေပါသေးတယ်။ ရခိုင်ယူနိုက်တက်အသင်းက အိမ်ကွင်း၊ အဝေးကွင်းမရွေး ခပ်မာမာတုံ့ပြန်တက်တဲ့ အသင်းမျိုးဖြစ်တဲ့အပြင် ပုသိမ်ကွင်းမှာလဲ ရလဒ်ကောင်းရရှိထားဖူးပါတယ်။ ဒီတစ်ကြိမ်မှာလဲ အိမ်ရှင်ဧရာဝတီအသင်းအနေနဲ့ အမှတ်ခွဲပေးရနိုင်ပါတယ်။

၂၀၁၇ ထိပ်တိုက်တွေ့ဆုံမှု
ရခိုင်ယူနိုက်တက် ၁-၂ ဧရာဝတီယူနိုက်တက်(ဝေသာလီ)
ဧရာဝတီယူနိုက်တက် ၁-၂ ရခိုင်ယူနိုက်တက် (ပုသိမ်)

၂၇-၁-၂၀၁၈ GFA FC – ရတနာပုံ (ညနေ ၄း၀၀) အောင်ဆန်း

GFA FC အသင်းဟာ နှစ်ပွဲကစားပြီးချိန်မှာ တစ်ပွဲ နိုင်၊ တစ်ပွဲ သရေနဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့အသင်းပါ။ GFA FC အသင်းနဲ့ ကစားမယ့် ရတနာပုံအက်ဖ်စီအသင်းက GFA FC အသင်းထက်အစစအရာရာ သာလွန်တဲ့ အသင်းတစ်သင်းပါ။ ဒါပေမယ့် ရတနာပုံအသင်းအနေနဲ့ GFA FC အသင်းကို လျော့တွက်မယ်ဆိုရင် ခံစားသွားရနိုင်ပါတယ်။ ရတနာပုံအသင်း လွယ်လွယ်နဲ့တော့ အနိုင်ရမှာ မဟုတ်ပါဘူး။

၂၀၁၇ ထိပ်တိုက်တွေ့ဆုံမှု
ရတနာပုံ ၂-၀ GFA FC
GFA FC ၀-၃ ရတနာပုံ (GFA FC အသင်း လာရောက်မကစားသည့်အတွက် ရတနာပုံအသင်းမှ သုံးဂိုး၊ သုံးမှတ်ရရှိ)

၂၇-၁-၂၀၁၈ ဆောက်သမ်း – မကွေးအက်ဖ်စီ (ညနေ ၃း၃၀) မော်လမြိုင်

ဆောက်သမ်းအသင်းက နှစ်ပွဲ ကစားပြီးချိန်မှာ နှစ်ပွဲစလုံး သရေကျထားပြီး မကွေးအသင်းကတော့ တစ်ပွဲ သရေ၊
တစ်ပွဲ ရှုံးထားပါတယ်။ လက်ရှိမှာ ဆောက်သမ်းအသင်းနဲ့ မကွေးအက်ဖ်စီအသင်းတို့ ခြေစွမ်းက မတိမ်းမယိမ်း အနေ
အထားမှာရှိနေတဲ့အပြင် ထိပ်တိုက်တွေ့ဆုံမှုတွေမှာလဲ သရေရလဒ်တွေ များနေပါတယ်။ ဒီတစ်ကြိမ်မှာတော့ အိမ်ရှင်
ဆောက်သမ်းအသင်း အသာရဖို့ များပါတယ်။

၂၀၁၇ ထိပ်တိုက်တွေ့ဆုံမှု
ဆောက်သမ်း ၀-၀ မကွေး
မကွေး ၁-၁ ဆောက်သမ်း

၂၈-၁-၂၀၁၈ ရှမ်းယူနိုက်တက် – ဟံသာဝတီယူနိုက်တက် (ညနေ ၃း၃၀) တောင်ကြီး

ရှမ်းယူနိုက်တက်အသင်းက ဒီနှစ်မှာ ရတနာပုံနဲ့ ရန်ကုန်တို့လို တာထွက် ကောင်းကောင်းမွန်မွန်မရှိခဲ့ပါဘူး။  ရှမ်းယူနိုက်တက် အသင်း အနေနဲ့ နောက်ဆုံးကစားထားတဲ့ မကွေးအသင်းနဲ့ပွဲမှာလဲ ခက်ခက်ခဲခဲ ကစားခဲ့ရတာမျိုးတွေ့ရပါတယ်။ အလားတူပဲ ဧည့်သည် ဟံသာဝတီ အသင်းကလဲ လက်ရှိအချိန်ထိ အသင်းကစားပုံ မတည်ငြိမ်နေသေးဘဲ တိုက်စစ်ပိုင်းက ဂိုးရဖို့ ရုန်းကန်နေရပါသေးတယ်။ အိမ်ရှင်အားသာချက်ရှိတဲ့ ရှမ်းယူနိုက်တက်အသင်းပဲ အကြိတ်အနယ်ကစားပြီးမှ အနိုင်ရသွားနိုင်ပါတယ်။

၂၀၁၇ ထိပ်တိုက်တွေ့ဆုံမှု
ဟံသာဝတီ ၁-၂ ရှမ်းယူနိုက်တက်
ရှမ်းယူနိုက်တက် ၄-၀ ဟံသာဝတီ

၂၈-၁-၂၀၁၈ စစ်ကိုင်းယူနိုက်တက် – ရန်ကုန်ယူနိုက်တက် (မုံရွာ)

စစ်ကိုင်းယူနိုက်တက်အသင်းက ပွဲဦးထွက် အိမ်ကွင်းမှာ ရခိုင်ယူနိုက်တက်အသင်းဆီက တစ်မှတ်ယူထားနိုင်ပြီးဒုတိယပွဲစဉ် မှာတော့ အဝေးကွင်းမှာ ဟံသာဝတီအသင်းကို ကပ်ရှုံးခဲ့ပါတယ်။ စစ်ကိုင်းယူနိုက်တက်အသင်းရဲ့အသင်းလိုက်စုဖွဲ့မှု ကစားအားကောင်းပေမယ့် အဆုံးသတ်ဂိုးသွင်းမယ့် အပိုင်းမှာတော့ အားနည်းချက်တွေရှိနေပါသေးတယ်။ ဧည့်သည် အဖြစ် လာကစားမယ့် ရန်ကုန်ယူနိုက် တက်အသင်းက စစ်ကိုင်းအသင်းထက် တစ်ဦးချင်းရော၊ အသင်းလိုက်ကစားအားပါ ပိုမိုကောင်းမွန်တဲ့ အသင်းတစ်သင်းပါ။ စစ်ကိုင်းအသင်းရဲ့ အိမ်ရှင်ပရိသတ်အားကြောင့် ရန်ကုန်အသင်း အခက်တွေ့နိုင်ပေမယ့်လဲ ရန်ကုန်အသင်းပဲ အနိုင်ရဖို့များပါတယ်။

၂၈-၁-၂၀၁၈ ဇွဲကပင်ယူနိုက်တက် – မြ၀တီအက်ဖ်စီ (အောင်ဆန်း)

လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဆီက သရေတစ်မှတ်ယူခဲ့တဲ့အပြင် နောက်ဆုံးပွဲမှာ ရန်ကုန်အသင်းကို အခက်တွေ့အောင် စွမ်းဆောင်ပြနိုင်တဲ့ ဇွဲကပင်အသင်းရဲ့ ခြေစွမ်းက ချီးကျူးစရာပါပဲ။ မြ၀တီအက်ဖ်စီအသင်းက ပွဲဦးထွက်မှာ မကွေးအသင်းဆီက တစ်မှတ်ယူနိုင်ခဲ့ပေမယ့်လဲ ဒုတိယပွဲစဉ်မှာတော့ GFA FC အသင်းကို ဂိုးပြတ်ရှုံးခဲ့ပါတယ်။ ဇွဲကပင်အသင်းအနေနဲ့ မြ၀တီအက်ဖ်စီ အသင်းကို အနိုင်ကစားပြီး ၂၀၁၈ ဘောလုံးရာသီ အတွက်ပထမဆုံး နိုင်ပွဲ ရယူသွားဖို့ ရှိပါတယ်။