ဆောက်သမ်းမြန်မာအသင်းကို အဝေးကွင်းတွင် ရင်ဆိုင်ကစားရမည် ဖြစ်သော်လည်း အနိုင်သုံးမှတ် ရယူနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း မကွေးအသင်း နည်းပြချုပ် ဦးအောင်ဇော်မျိုးက ပြောကြားခဲ့သည်။ ဆောက်သမ်းမြန်မာ အသင်းနှင့် မကွေး အသင်းတို့သည် MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၃ ၏ ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၂၇ ရက် ညနေ ၃း၃၀ နာရီတွင် ဆောက်သမ်းမြန်မာအသင်း၏ အိမ်ကွင်းဖြစ်သည့် မော်လမြိုင်မြို့ရှိ ကျောင်းသားကွင်း၌ ယှဉ်ပြိုင်သွားကြမည် ဖြစ်သည်။
“ရှေ့နှစ်ပွဲမှာ ရလဒ်မကောင်းခဲ့တဲ့ အတွက် ခုပွဲရလဒ်က အရေးကြီးပါတယ်။ မြဝတီနဲ့ ပွဲမှာ ကျွန်တော်တို့အသင်း ခြေစွမ်းမကောင်းခဲ့ပါဘူး။ ရှမ်းယူနိုက်တက်နဲ့ ပွဲမှာတော့ ခြေစွမ်းကောင်းရခဲ့ပါတယ်။ ဒါပေမဲ့ အနိုင်သုံးမှတ်တော့ မရခဲ့ပါဘူး။ ဒီနှစ်ပွဲက အားနည်းချက်တွေကို သေချာပြင်ဆင်ထားပါတယ်။ ပြိုင်ဘက် ဆောက်သမ်းကစားပုံကိုလည်း လေ့လာထားပြီး သေချာ လေ့ကျင့်ထားပါတယ်။ သုံးမှတ် အရယူသွားမှာပါ”ဟု မကွေးအသင်း နည်းပြချုပ် ဦးအောင်ဇော်မျိုးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မကွေးအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ပြည်တွင်းလူငယ် ကစားသမားများကို အားပြုကာ ပြည်ပကစားသမား ခေါ်ယူခြင်း မရှိပဲ ပြိုင်ပွဲဝင်လာသည့် အသင်းဖြစ်ပြီး ရာသီ အဖွင့်ပွဲစဉ်တွင် တန်းတက် မြဝတီ အသင်းကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့သည်။ ဒုတိယမြောက် ပွဲစဉ်တွင်မူ လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက် အသင်းကို ခြေအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရသည်။ သို့ဖြစ်ရာ နှစ်ပွဲ ကစားပြီးချိန်တွင် ရမှတ် ၁ မှတ်သာ ရရှိထားသေးသည့် အတွက် ယခုပွဲစဉ်တွင် မဖြစ်မနေ အနိုင်ကစားမည် ဖြစ်ကြောင်း ဆိုခဲ့ခြင်း ဖြစ်သည်။
မကွေးအသင်း ကဲ့သို့ပင် ဆောက်သမ်းမြန်မာ အသင်းသည်လည်း နိုင်ပွဲမရသေးသည့် အသင်းတစ်သင်း ဖြစ်ပြီး အဖွင့်ပွဲစဉ်တွင် ဂျီအက်ဖ်အေ အသင်းနှင့် တစ်ဂိုးစီိ သရေကျကာ ပြီးခဲ့သည့် ပွဲစဉ် ၂ တွင် အဝေးကွင်း၌ ဧရာဝတီ ယူနိုက်တက်ကို ၂ ဂိုးစီ သရေကျခဲ့သောကြောင့် ရမှတ် ၂ မှတ်သာ ရရှိထားသေးသည်။