အဝေးကွင်းမှာ အိမ်ရှင်ကို ဂိုးပြတ်အနိုင်ကစားပြီး မကွေးအသင်း ပထမဆုံး နိုင်ပွဲရယူ

January 27, 2018

ပွဲစဉ် ၂ အထိ ယှဉ်ပြိုင်ပြီးချိန်မှာ နိုင်ပွဲမရသေးတဲ့ အသင်းတွေ ဖြစ်တဲ့ ဆောက်သမ်းမြန်မာ အသင်းနဲ့ မကွေး အသင်းတို့ရဲ့ ပွဲစဉ်မှာ မကွေးအသင်းက တိုက်စစ်မှူးတွေ ဖြစ်တဲ့ မောင်မောင်စိုး၊ အောင်မြင့်ထွန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် ဆောက်သမ်းမြန်မာ အသင်းကို ဂိုးပြတ် အနိုင်ရပြီး နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ် နိုင်ခဲ့ပါတယ်။

MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ် (၃) အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဒီပွဲမှာ ဆောက်သမ်းမြန်မာ အသင်းက နိုင်ငံခြား ကစားသမား နှစ်ဦး အပါအဝင် အောင်မိုး၊ ကောင်းစည်သူ၊ ထိုက်ထိုက်အောင်၊ ဟိန်းဇာအောင်၊ ပြည့်ဖြိုးအောင် အစရှိတဲ့ နာမည်ကြီး ကစားသမားတွေကို ပွဲထုတ်လာခဲ့ပြီး မကွေးအသင်းကတော့ စိုးလွင်လွင်၊ မြတ်ထွန်းသစ်၊ ဝင်းမိုးကျော် အစရှိတဲ့ လူငယ်လူသစ်တွေကို နန္ဒကျော်၊ ကျော်ဇင်လွင်၊ မောင်မောင်စိုး တို့လို နာမည်ကြီးတွေနဲ့ တွဲဖက်ပြီး ဆောက်သမ်းကို ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအစပိုင်းမှာ ဆောက်သမ်းအသင်းက အနည်းငယ် အသာစီး ရသလို ရှိခဲ့ပေမယ့် တိုက်စစ်ပိုင်းက ဆမ်မြူရယ်က တော်တော်လေး အံမဝင် ခဲ့တာကြောင့် ဆောက်သမ်းရဲ့ တိုက်စစ်ပိုင်းက ထိရောက်မှု မရှိခဲ့ပါဘူး။ ပွဲချိန် ကြာလာတာနဲ့ အမျှ မကွေးက ပိုမိုအသာစီး ရယူလာနိုင်ခဲ့ပြီး အသာစီး ကစားလာနိုင်ခဲ့ပါတယ်။ မကွေးက လူငယ်တွေရဲ့ တိုက်စစ်ပိုင်း တွဲလုံးတွေကို ဆောက်သမ်းအသင်း ခံစစ်ကြောင်းက ကြာကြာ ထိန်းချုပ်နိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ဒါကြောင့် ပွဲချိန် မိနစ် ၂၀ အရောက်မှာပဲ စိုးလွင်လွင်၊ မောင်မောင်စိုး၊ အောင်မြင့်ထွန်းတို့ရဲ့ တွဲလုံးကနေ မောင်မောင်စိုးက ဧရိယာ အပြင်က ကန်သွင်းပြီး မကွေးအသင်းအတွက် အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဆောက်သမ်းက ဘောလုံးပိုင်ဆိုင်မှု ပိုမိုအသာစီး ရယူနိုင်ခဲ့ပြီး ပိုပြီးတော့လည်း တိုက်စစ်ဆင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ထိရောက်တဲ့ ဂိုးကန်သွင်းခွင့်တော့ ဖန်တီးနိုင်ခဲ့ခြင်း မရှိပါဘူး။ ပွဲချိန် ၈၃ မိနစ် အရောက်မှာတော့ အောင်မြင့်ထွန်းက မကွေးအတွက် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ မကွေးအသင်းက ဆောက်သမ်းမြန်မာကို (၀-၂) ဂိုးနဲ့ အနိုင်ရရှိပြီး ပထမဆုံး နိုင်ပွဲကို ရယူသွားနိုင် ခဲ့ပါတယ်။ ဆောက်သမ်းမြန်မာကတော့ သုံးပွဲအပြီးမှာ နိုင်ပွဲလုံးဝ မရသေးပဲ ပထမဆုံး ရှုံးပွဲနဲ့လည်း ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။