စစ်ကိုင်းယူနိုက်တက် အသင်း၏ ဒုတိယမြောက် အိမ်ကွင်းပွဲစဉ်သို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် လာရောက်အားပေးကြည့်ရှု

January 28, 2018

စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ယနေ့ ညနေပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မုံရွာအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၃ ၏ ပွဲစဉ်တစ်ပွဲ ဖြစ်သည့် စစ်ကိုင်းယူနိုက်တက် အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်ကို တက်ရောက် အားပေးကြည့်ရှု ခဲ့သည်။

ကိုယ်တိုင်ပင် ဘောလုံးအားကစားကို ဝါသနာပါပြီး စစ်ကိုင်းတိုင်း ကိုယ်စားပြု အသင်းတစ်သင်း ဖြစ်မြောက်လာရေး အတွက် များစွာကူညီ ပေးခဲ့သည့် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အနေဖြင့် စစ်ကိုင်းယူနိုက်တက် အသင်း၏ ပွဲစဉ်ကို စိတ်ပါဝင်စားစွာ လာရောက် အားပေးခဲ့ခြင်း ဖြစ်ပြီး ယခုကဲ့သို့ လာရောက် ကြည့်ရှုသောကြောင့် အိမ်ကွင်း နှစ်ပွဲဆက် လာရောက် ကြည့်ရှုခြင်း ဖြစ်လာခဲ့သည်။

အဆိုပါ ပွဲတွင် စစ်ကိုင်းယူနိုက်တက် အသင်းအနေဖြင့် အိမ်ကွင်းပရိသတ်များ ရှေ့မှောက်တွင် ဧည့်သည် နာမည်ကြီး ရန်ကုန်ယူနိုက်တက်ကို အကောင်းဆုံး တုံ့ပြန် ကစားနိုင်ခဲ့သော်လည်း ပွဲအပြီးတွင် (၁-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရကာ အိမ်ကွင်းပထမဆုံး ရှုံးပွဲကို ကြုံတွေ့ခဲ့ရသည်။ စစ်ကိုင်းယူနိုက်တက်သည် MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၃ အပြီးတွင် တစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ကာ အမှတ်ပေးဇယား အဆင့် ၁၁ နေရာတွင် ရပ်တည်လျှက် ရှိသည်။