ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ယနေ့  ညနေပိုင်းက ပုသိမ်မြို့  ကျောက်တိုင်ကွင်း၌ ကျင်းပခဲ့သည့် MPT Myanmar National League 2018 ပွဲစဉ် ( ၄) ၏ ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဧရာဝတီယူနိုက်တက်
၂ -၂ ရန်ကုန်ယူနိုက်တက် ပွဲစဉ်သို့  တက်ရောက် အားပေး ကြည့်ရှုခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်း နှင့် သယံဇာတရေးရာကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သည့် ၄င်းမှာ ဝန်ကြီးချုပ်ရာထူးအား ဇန်နဝါရီ ၂၃ ရက်က စတင်လက်ခံရယူခဲ့ပြီးနောက် ပထမဆုံးအကြိမ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို တက်ရောက်အားပေးခဲ့ခြင်းဖြစ်သည်။
ယင်းပွဲစဉ်တွင် ဧရာဝတီယူနိုက်တက် အသင်းအနေဖြင့် အိမ်ကွင်း ပရိသတ်ရှေ့ မှောက်တွင် ရန်ကုန် အသင်းဘက်သို့  ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့သည့် အပြင် ပွဲချိန်တစ်လျှောက် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့သော်လည်း ပွဲအပြီး တစ်ဖက် နှစ်ဂိုးစီ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ထို့ အတူ အဆိုပါ ပွဲစဉ်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်အပြင် ပရိသတ်
ကွင်းလုံးပြည့် လာရောက်အားပေးကြည့်ရှုခဲ့သည်ကိုလည်း တွေ့ ရသည်။
ဧရာဝတီယူနိုက်တက် အသင်းသည် MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် (၄) အပြီးတွင် သုံးပွဲသရေ၊ တစ်ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားသည်။