ယနေ့ ညနေပိုင်းက MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၄ ရဲ့ ပွဲစဉ်တစ်ပွဲ အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဇွဲကပင် ယူနိုက်တက်နဲ့ ရခိုင်ယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်မှာ ရခိုင်ယူနိုက်တက် အသင်းက လူစားဝင်လာတဲ့ လူငယ်ကစားသမား တည်ငြိမ်မင်းရဲ့ သွင်းဂိုးကြောင့် အနိုင်သုံးမှတ်ကို ထိုက်ထိုက်တန်တန် ရယူသွား နိုင်ခဲ့ပါတယ်။
ခြေစွမ်းခြင်း ကွာဟမှု သိပ်မရှိတဲ့ အသင်းတွေ ထိပ်တိုက်တွေ့တဲ့ ပွဲဖြစ်တာနဲ့အညီ နှစ်သင်းစလုံးက ပွဲစကတည်းက တိုက်စစ်ကို ဦးတည်ပြီး ကစားခဲ့ကြလို့ ပွဲက အကြိတ်အနယ်နဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပထမပိုင်း ပွဲချိန် အများစုမှာ ဇွဲကပင် ယူနိုက်တက်က အသာစီး ရယူကစားနိုင်ခဲ့ပြီး ရခိုင်ယူနိုက်တက်ကတော့ ပုံမှန်ခြေစွမ်းရဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် ပွဲချိန် ၃၄ မိနစ် အရောက်မှာ ဇွဲကပင်ရဲ့ တိုက်စစ်ကစားသမား မတ်ဆုမိုတိုကန်က ရခိုင်ခံစစ်ကြောင်း ရှုပ်ထွေးနေတာကို အခွင့်ကောင်းယူပြီး ဧရိယာအပြင်က ကန်သွင်းခဲ့ကာ ဇွဲကပင်အတွက် ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ နှစ်သင်းရဲ့ ခြေစွမ်းက ပထမပိုင်းနဲ့ ပြောင်းပြန် ဖြစ်သွားခဲ့ပြီး ရခိုင်ယူနိုက်တက်က ပိုမိုအသာစီး ရယူဖိကစား နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ငါးမိနစ်အကြာ ပွဲချိန် ၅၀ မိနစ်မှာတော့ ရခိုင်တိုက်စစ်မှူး ဆန်းဒေးမက်သယူးက ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့တာကြောင့် ရခိုင်အသင်း ချေပဂိုး ရရှိခဲ့ပါတယ်။ ပွဲချိန် မိနစ် ၈၀ နောက်ပိုင်းကတော့ ပွဲရဲ့ အရှိန်အမြင့်ဆုံး အပိုင်းလို့ ဆိုနိုင်ပြီး ဒီလက်ကျန် မိနစ်တွေမှာ နှစ်သင်းစလုံး အသည်းအသန် အားထုတ်ခဲ့တာကြောင့် တစ်ကယ့်ကို ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး ဒီအပိုင်းအခြားမှာ ဇွဲကပင်က ပိုပြီး ဂိုးရဖို့ နီးစပ်ခဲ့တာပါ။ ဒါပေမဲ့ နာကျင်အချိန်ပို ၃ မိနစ်ရဲ့ နောက်ဆုံးမိနစ် အရောက်မှာ ရခိုင်ယူနိုက်တက်အသင်းကို ဒီနှစ်မှာမှ ယူ-၂၁ အသင်းက တက်ကစားလာတဲ့ လူငယ်တိုက်စစ်မှူး တည်ငြိမ်မင်းက ရခိုင်ယူနိုက်တက် အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို ထောင့်ကန်ဘောကနေ ခေါင်းတိုက် သွင်းယူနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ရခိုင်ယူနိုက်တက် အသင်းက အနိုင်သုံးမှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။
ဒီကနေ့မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ တစ်ခြားပွဲစဉ်တွေမှာတော့ မုံရွာမှာ ကစားခဲ့ကြတဲ့ စစ်ကိုင်းယူနိုက်တက်နဲ့ ဂျီအက်ဖ်အေ တို့ရဲ့ ပွဲမှာ စစ်ကိုင်းယူနိုက်တက်က အနိုင်ရပြီး ပထမဆုံး အနိုင်သုံးမှတ် ရယူနိုင်ခဲ့သလို ပုသိမ်မှာ ကစားခဲ့တဲ့ ပွဲမှာလည်း အိမ်ရှင် ဧရာဝတီနဲ့ ရန်ကုန်တို့ ၂ ဂိုးစီ သရေနဲ့ ရမှတ် ခွဲဝေယူခဲ့ရပါတယ်။