ဇန်န၀ါရီလအတွက် တစ်လတာ အကောင်းဆုံးဆုများကို ရတနာပုံအက်ဖ်စီအသင်း ရယူ

February 4, 2018

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၊ ဇန်န၀ါရီလ၏ တစ်လ တာ အကောင်းဆုံး နည်းပြဆုနှင့် အကောင်းဆုံး ကစားသမားဆုကို ရတနာပုံအက်ဖ်စီအသင်းမှ နည်းပြ ဦးအောင်ကျော်မိုးနှင့် တိုက်စစ်မှူး စည်သူအောင်တို့က ရရှိသွားခဲ့ကြသည်။

အဆိုပါတစ်လတာ အကောင်းဆုံးဆုများ ချီးမြှင့်ခြင်းကို ဖေဖော်ဝါရီ ၄ ရက်က တောင်ကြီးကွင်း၌ ရှမ်း ယူနိုက်တက်အသင်းနှင့် ရတနာပုံအက်ဖ်စီအသင်းတို့ ပွဲစဉ်မတိုင်ခင်တွင် ပေးအပ်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာမြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်မှ တစ်လတာ အကောင်းဆုံး ကစားသမားဆုရခဲ့သည့် ရတနာပုံအသင်းတိုက်စစ်မှူး စည်သူအောင်အား ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ပေးခဲ့ပြီး MPT မှ Operation Team Manager ဒေါ်ခင်သူဇာကျော်မှ ဆုကြေးငွေ တစ်သိန်းငါးသောင်းကျပ် ချီးမြှင့်ခဲ့သည်။

ထို့နောက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ် ဂတ်ဇီဆီမှ တစ်လတာ အကောင်းဆုံး နည်းပြ ဆုရခဲ့သည့် ရတနာပုံအသင်းနည်းပြ ဦးအောင်ကျော်မိုးအား ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခဲ့ပြီး ရှမ်းပြည်န ယ်အစိုးရအဖွဲ့ လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဆုကြေးငွေကျပ် တစ်သိန်း ချီးမြှင့်ခဲ့သည်။

ရတနာပုံအသင်းနည်းပြ ဦးအောင်ကျော်မိုးအနေဖြင့် ဇန်န၀ါရီလအတွင်း ကစားခဲ့သည့် နေရှင်နယ်လိဂ် ပွဲစဉ် သုံးပွဲတွင် သုံးပွဲစလုံး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် တစ်လတာ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ အလားတူ ရတနာပုံအသင်း တိုက်စစ်မှူး စည်သူအောင်သည်လည်း ရတနာပုံအသင်းနှင့် ဧရာဝတီအသင်းတို့ ကစားခဲ့သည့် ပွဲဦးထွက်ပွဲစဉ်တွင် ရတနာပုံအသင်းအတွက် တစ်ပွဲတည်း၌ပင် လေးဂိုး သွင်း ယူပေးနိုင်ခဲ့ သည့်အပြင် ရခိုင်ယူနိုက်တက်အသင်းနှင့်ပွဲစဉ်တွင်လည်း အသင်းအတွက် ဂိုးတစ်ဂိုး ထပ်မံ သွင်းပေးနိုင်ခဲ့သည်။ ထို့ကြောင့် တိုက်စစ်မှူး စည်သူအောင်သည် ဇန်န၀ါရီလ၏ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ တစ်လတာ အကောင်းဆုံး နည်းပြဆုနှင့် ကစားသမားဆုများကို လစဉ်ပေးအပ်ချီးမြှင့်မည်ဖြစ်သည့်အပြင် MPT Myanmar National League II အမှတ်ပေးဘောလုံးပြိုင်ပွဲများ တွင်လည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

 

တစ်လတာ အကောင်းဆုံးဆုများကို ပေးအပ်ရာတွင် တစ်လတာ အချိန်အတိုင်းအတာ အတွင်း ပွဲစဉ် ၄ ပွဲ ကစားသည် ဖြစ်စေ၊ ၅ ပွဲ ကစားသည် ဖြစ်စေ ကစားသည့် ပွဲစဉ်များ အားလုံးကို ထည့်သွင်းတွက်ချက် သွားမည် ဖြစ်သည်။ သို့သော် လာမည့် မတ်လ နှင့် ဧပြီလများတွင် ပွဲစဉ် ၂ ခုစီသာ ပါဝင်နေရာ အဆိုပါ လများအတွက် ကိုမူ နှစ်လပေါင်းပြီးမှသာ အကောင်းဆုံးဆုများကို ရွေးချယ်ပေးအပ်သွားမည် ဖြစ်သည်။