လက်ရှိချန်ပီယံကို သရေကစားကာ ဇယား ထိပ်ဆုံးတွင် ဆက်လက်ရပ်တည်ခဲ့သည့် ရတနာပုံ

February 4, 2018

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-4) ၏ ပွဲစဉ်တစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၄ ရက်(ယနေ့) ညနေက တောင်ကြီးကွင်းတွင် ရှမ်းယူနိုက် တက်အသင်းနှင့် ရတနာပုံအက်ဖ်စီ အသင်းတို့ ကစားခဲ့ရာ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။

ပထမပိုင်းတွင် နှစ်သင်းစလုံးမှ လျင်လျင်မြန်မြန်ဖြင့် အမှားမခံဘဲ အကြိတ်အနယ် ယှဉ်ပြိုင် ခဲ့ကြသည်။ ဂိုးရရှိရန် ရှမ်းယူနိုက်တက်အသင်းမှ အခွင့်အရေးပိုရခဲ့သော်လည်း နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့သည့်အတွက် ပထမပိုင်း အပြီးတွင် ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင်လည်း နှစ်သင်းစလုံးမှ လျင်လျင်မြန်မြန်ဖြင့် အပြန်အလှန် ထိုးဖောက်ကစား ခဲ့ကြသည့်အတွက် ပရိသတ်အကြိုက်တွေ့ခဲ့သည့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ သို့သော် တစ်သင်းနှင့်တစ်သင်း ဂိုးမသွင်းနိုင်ခဲ့သဖြင့် ပွဲပြီးဆုံးချိန်တွင် ဂိုးမရှိသရေဖြင့်သာ ပြီးခဲ့သည်။

ရတနာပုံအသင်းသည် အဝေးကွင်း၌ လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းထံမှ သရေတစ်မှတ်ယူနိုင်ခဲ့ သည့်အတွက် အမှတ်ပေးဇယား အဆင့် ၁ နေရာ၌ ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။