MPT Myanmar National Legaue 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၄ ရဲ့ ပွဲစဉ်တစ်ပွဲ အဖြစ် ဒီကနေ့ ညနေ ၄း၀၀ နာရီ အချိန်က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မကွေးအသင်းနဲ့ ဟံသာဝတီ ယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်မှာ မကွေးအသင်းက အဓိက တိုက်စစ်ကစားသမားတွေ ဖြစ်တဲ့ မောင်မောင်စိုး၊ အောင်မြင့်ထွန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် ဟံသာဝတီကို ဂိုးပြတ် အနိုင်ရပြီး နှစ်ပွဲဆက် နိုင်ပွဲ ရယူသွားနိုင် ခဲ့ပါတယ်။
လူငယ်ကစားသမားတွေကို အားပြုပြီး နိုင်ငံခြားသား လုံးဝမသုံးပဲ ပြိုင်ပွဲဝင်လာခဲ့တဲ့ မကွေးအသင်းဟာ ပွဲစဉ် ၄ ပွဲ ကစားပြီးချိန်မှာတော့ ပုံမှန်ခြေစွမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင်လာပြီလို့ မှတ်ချက်ပြုချင်စရာပါ။ အဖွင့်ပွဲမှာ မြဝတီကို သရေ၊ ဒုတိယပွဲမှာ ရှမ်းယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ရပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ဆောက်သမ်း၊ ဟံသာဝတီ တို့နဲ့ ပွဲတွေမှာ တဖြည်းဖြည်း ခြေစွမ်းတည်ငြိမ်မှု ရလာပြီး လူငယ်ကစားသမားတွေရဲ့ အကောင်းဆုံး စုဖွဲ့ပုံတွေကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ အထူးတလည် ချီးကျူးရမှာက မကွေးအသင်းရဲ့ ခံစစ်ကစားပုံ ဖြစ်ပြီး နိုင်ငံခြား ကစားသမားတွေ ပါဝင်တဲ့ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာ ကြောင့်လည်း အခုလို အနိုင်သုံးမှတ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟံသာဝတီကတော့ ရန်နိုင်အောင်၊ လာဒင်မောရာ၊ မာ့ခ်ဆဲကီတို့လို ကစားသမားတွေ ပါဝင်ပေမယ့် ကွင်းလယ်ပိုင်းမှာ မကွေးကို စိုးမိုးထားနိုင်ခြင်း မရှိခဲ့တာကြောင့် အခုလို ရလဒ်ဆိုးခဲ့ရတာလို့ ဆိုနိုင်ပါတယ်။ ပွဲအစပိုင်း မိနစ်တွေမှာ မကွေးကွင်းလယ်ကို နေရာလွတ်မရှိအောင် ဖြတ်တောက်နိုင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ မကွေးကွင်းလယ်က အသာစီး ရလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပထမပိုင်း ပွဲချိန် ပြီးတဲ့အထိ တစ်သင်းနဲ့ တစ်သင်း ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိခဲ့တာကြောင့် ဂိုးတော့ မရခဲ့ပါဘူး။
ဒုတိယပိုင်းပြန်စပြီး မကြာခင်မှာတော့ မကွေးအသင်းက ဂိုးစတင် ရရှိခဲ့ပါတယ်။ ဒီဂိုးကို မောင်မောင်စိုးက ပွဲချိန် ၅၇ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ ဂိုးပေးလိုက်ရတာကြောင့် အနည်းငယ် အာရုံစူးစိုက်မှု လွတ်သွားတဲ့ ဟံသာဝတီ အသင်းဟာ ဒုတိယဂိုးကိုလည်း ချက်ခြင်းဆိုသလို ပေးခဲ့ရပြန်ပါတယ်။ ဒီဂိုးကိုတော့ တိုက်စစ်မှူး အောင်မြင့်ထွန်းက ဟံသာဝတီ နောက်ခံလူ မိုက်ကယ်နဲ့ ယှဉ်ပြေးရင်း ရှေ့ထွက်နေတဲ့ ဂိုးသမားကို ကျော်ပြီး ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ဟံသာဝတီ အသင်းက လူစားပြောင်းလဲမှုတွေ ပြုလုပ်ပြီး ချေပဂိုး ရဖို့ အားထုတ်ခဲ့ပေမယ့် အရာမထင်ခဲ့တဲ့ အတွက် ပွဲအပြီးမှာ မကွေးအသင်းက အနိုင်သုံးမှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။