မြန်မာ့ဘောလုံးလောကတွင် သက်တမ်းအရင့်ဆုံးနှင့် ဂုဏ်သိက္ခာအမြင့်မားဆုံးပြိုင်ပွဲတစ်ရပ်ဖြစ်သည့်
၂၀၁၈ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ (General Aung San Shield 2018 Knock- Out Competition) ပြိုင်ပွဲအတွက် ပွဲစဉ်မဲနှိုက်ရေးဆွဲပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊
မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ မြန်မာဘရူဝါရီလီမိတက်မှ နေရှင်နယ်မာကက်တင်းဒါရိုက်တာ ဒေါ်မြစိမ်းရီ၊ MPT Joint Operation မှ စီမံခန့်ခွဲရေးအရာရှိချုပ် Mr. Yoshiaki Benino၊ General Manager Mr. Sonbat၊ Deputy General Manager ဦးကျော်သက်၊ 100 Plus Myanmar မှ Country Manager မစ္စတာဖရယ်ဒီအို နှင့် ပြိုင်ပွဲစပွန်ဆာ ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် မြန်မာနေရှင်နယ်လိဂ် ၁ နှင့် မြန်မာနေရှင်နယ်လိဂ်
၂ အသင်းတို့မှ မန်နေဂျာများ၊ နည်းပြချုပ်များ၊ ပြိုင်ပွဲ၏ မီဒီယာပါတနာဖြစ်သည့် မြ၀တီရုပ်မြင်သံကြားမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော စာနယ်ဇင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ပြိုင်ပွဲအတွက် ပွဲစဉ်မဲနှိုက်ရွေးချယ်သတ်မှတ်မည့် အစီအစဉ်များကို အသေးစိတ်ရှင်းလင်းပြောကြားသည်။
ယင်းနောက် MPT Myanmar National League II 2018 ပြိုင်ပွဲဝင် အသင်းအများစု ပါဝင်သည့် ပထမအဆင့်ရှုံးထွက်ပြိုင်ပွဲ၊ ဒုတိယအဆင့် နှင့် ကွာတားဖိုင်နယ်အဆင့်ပြိုင်ပွဲများအတွက် တာဝန်ရှိသူများမှ မဲနှိုက်ရွေး
ချယ်ပေးခဲ့သည်။ ဆက်လက်၍ ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းနှစ်သင်းစီမှ တာဝန်ရှိသူများအား
စင်မြင့်ပေါ်သို့ ဖိတ်ခေါ်၍ အသင်းဂျာစီနှင့် အတူ ယှဉ်တွဲ၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းများပြုလုပ်၍
အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
၂၀၁၈ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ပထမအဆင့်တွင် မြန်မာနေရှင်နယ်လိဂ် ၂ မှ ကလပ်အသင်း ခုနှစ်သင်းနှင့် ပြီးခဲ့သည့်နှစ် အမှတ်ပေးဇယား အဆင့်ရပ်တည်မှုအရ မြန်မာနေရှင်နယ်လိဂ် ၁ မှ ဂျီအက်ဖ်အေ၊ စစ်ကိုင်းယူနိုက်တက်နှင့် မြ၀တီအက်ဖ်စီ အသင်းတို့ ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
ဒုတိယအဆင့်တွင် မြန်မာနေရှင်နယ်လိဂ် ၁ မှ ရတနာပုံအက်ဖ်စီ၊ ဧရာဝတီယူနိုက်တက်၊ မကွေးအက်ဖ်စီ၊ ဟံသာဝတီယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ ဇွဲကပင်ယူနိုက်တက် နှင့် ဆောက်သမ်းမြန်မာအသင်းတို့နှင့် ပထမအဆင့်မှ
တက်ရောက်လာမည့် ၅ သင်းနှင့် ပေါင်းကာ ကွာတားဖိုင်နယ်အဆင့်ကို ဆက်လက်ယှဉ်ပြိုင်စေမည်ဖြစ်သည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့မှာ ကွာတားဖိုင်နယ်အဆင့်မှ စတင်ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
မေလ ၁၂ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကျင်းပပြုလုပ်သွားမည့် ၂၀၁၈ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်ကို ပြိုင်ဆိုင်မှုပိုမိုပြင်းထန်သော ပြိုင်ပွဲတစ်ရပ်ဖြစ်စေရန်နှင့် ပရိသတ်များ စိတ်ဝင်စားမှု ပိုမို ရရှိစေရန် ရည်ရွယ်ပြီး ပထမအကျော့၊ ဒုတိယအကျော့ အိမ်ကွင်း၊အဝေးစနစ်ဖြင့် ကျင်းပသွားမည်လည်းဖြစ်သည်။