ရန်ကုန်ယူနိုက်တက်နှင့်ပွဲသည် ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမည်ဟု ရခိုင်ယူနိုက်တက်အသင်း နည်းပြ ပြော

February 8, 2018

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-5) ပွဲစဉ်တစ်ပွဲအဖြစ် ရခိုင်ယူနိုက်တက်အသင်းသည် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဆိုပါရန်ကုန်အသင်းနှင့်ပွဲစဉ်သည် ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမည်ဟု ရခိုင်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးစိုးသိန်းက ပြောခဲ့သည်။

2018 MPT Myanmar National League အမှတ်ပေးဘောလုံးပြိုင်ပွဲဝင် ရခိုင်ယူနိုက်တက်အသင်း

ရခိုင်ယူနိုက်တက်အသင်းသည် လေးပွဲကစားပြီးချိန်၌ တစ်ပွဲ နိုင်၊ နှစ်ပွဲ သရေ၊ တစ်ပွဲ ရှုံး ထားပြီး ရမှတ် ငါးမှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေသည်။ ရန်ကုန်အသင်းနှင့် ကစားရမည့်ပွဲစဉ်နှင့်ပတ်သက်၍ နည်းပြ ဦးစိုးသိန်းက ” ရန်ကုန်အသင်းရဲ့အိမ်ကွင်းလဲ ဖြစ်တယ်။ ရန်ကုန်အသင်းမှာ နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ ကစားသမားလဲ များတယ်။ အသင်းကောင်းတစ်သင်းပါ။ သူတို့ကို အကောင်းဆုံး ယှဉ်ပြိုင်ကစားမှာပါ။ ပွဲကြီးပွဲကောင်းလို ပုံစံမျိုး ယှဉ်ပြိုင်မှာပါ” ဟု ပြောခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ကစားမည့်ပွဲစဉ်ကို လာမည့် ဖေဖော်ဝါရီ ၉ ရက်၊ ညနေ သုံးနာရီခွဲ
တွင် YUSC ကွင်း၌ ကျင်းပမည်ဖြစ်သည်။ ရခိုင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်တစ်ပတ်က ဇွဲကပင်အသင်းကို နောက်ဆုံး
မိနစ်သွင်းဂိုးဖြင့် အနိုင်ရကာ ၂၀၁၈ ဘောလုံးရာသီအတွက် ပထမဆုံး နိုင်ပွဲ ရယူသွားနိုင်ခဲ့ခြင်းဖြစ်သည်။

ဇွဲကပင်ယူနိုက်တက်အသင်းကို အနိုင်ရခဲ့သည့်ပွဲစဉ်နှင့်ပတ်သက်၍လည်း နည်းပြဦးစိုးသိန်းက “ဇွဲကပင်နဲ့ပွဲမှာ နောက်ဆုံးမိနစ်အထိ အာရုံစူးစိုက်မှုအပြည့်ထားခဲ့လို့ ဂိုးရခဲ့တယ်။ အဲဒီနိုင်ပွဲကြောင့် အခု အဆင့်တစ်ခုထိ တက်လာတယ်။ အဲဒီလိုဖြစ်တဲ့အတွက် ကစားသမားတွေကော ကူညီပေးတဲ့ လက်ထောက်နည်းပြတွေကော..အားလုံးကိုကျေးဇူးတင်ပါတယ်”ဟု ပြောခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ရန်ကုန်ယူနိုက်တက်အသင်းသည်လေးပွဲ ကစားပြီးချိန်တွင် သုံးပွဲနိုင်၊ တစ်ပွဲ သရေ ၊ ရှုံးပွဲမရှိ ရမှတ် ၁၀ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေသည့်အသင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ ဘောလုံးရာသီ ထိပ်တိုက်တွေ့ဆုံမှု
—————————————————–
ရခိုင်ယူနိုက်တက် ၀-၀ ရန်ကုန်ယူနိုက်တက် (ဝေသာလီ)
ရန်ကုန်ယူနိုက်တက် ၁-၀ ရခိုင်ယူနိုက်တက် (YUSC)