ယနေ့ ညနေက ရန်ကုန်မြို့ရှိ ရန်ကုန်ယူနိုက်တက် အသင်း၏ အိမ်ကွင်းဖြစ်သည့် YUSC ကွင်းတွင် MPT Myanmar National League 2018 ပွဲစဉ် ၅ ၏ ပွဲစဉ်တစ်ပွဲ အဖြစ် အိမ်ရှင် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အိမ်ရှင် ရန်ကုန် ယူနိုက်တက် အသင်းက တိုက်စစ်မှူး ဆိုင်လာ၊ တောင်ပံကစားသမား မောင်မောင်လွင်တို့၏ သွင်းဂိုးများကြောင့် ၃-၁ ဂိုးဖြင့် ရခိုင်ယူနိုက်တက် အသင်းကို အနိုင်ရခဲ့သည်။
ရန်ကုန်ယူနိုက်တက် အသင်းသည် ယနေ့ပွဲတွင် တိုက်စစ်ပိုင်း၌ လက်ရွေးစင် တောင်ပံကစားသမား ဆောင်လမန်ကို အသုံးမပြုခဲ့ပဲ ကြည်လင်းနှင့် မောင်မောင်လွင်တို့ကို တောင်ပံတိုက်စစ်၌ အသုံးပြုခဲ့ကာ လူငယ်ကစားသမား အီစိုကို တိုက်စစ်ပိုင်းတွင် ထည့်သွင်းအသုံးပြုခဲ့သည်။ ရခိုင်ယူနိုက်တက် အသင်းအနေဖြင့်လည်း ဇော်ဇော်နိုင်၊ လှအေးထွေး၊ သက်ရှိုင်းနောင်၊ စည်သူသန်းစိုး၊ ဆန်းဒေး အစရှိသည့် အဓိက ကစားသမား အစုံအလင်ဖြင့် ရန်ကုန်အသင်းကို ရင်ဆိုင်ခဲ့သည်။
ရန်ကုန်အနေဖြင့် ပထမပိုင်း ပွဲချိန်အားလုံးနီးပါးတွင် ရခိုင်အသင်းအပေါ် စိုးမိုးထားနိုင်ခဲ့ပြီး ပွဲချိန် ၈ မိနစ်နှင့် ၄၁ မိနစ်များတွင် သွင်းယူပေးခဲ့သည့် တိုက်စစ်မှူး ဆိုင်လာ၏ သွင်းဂိုးများကြောင့် ပထမပိုင်းအပြီးတွင် ပွဲကို သက်သောင့်သက်သာ စိုးမိုးထားနိုင်ခဲ့သည်။ သို့သော် ဒုတိယပိုင်း ပွဲချိန်များတွင်မူ ရခိုင်ယူနိုက်တက်၏ ရုန်းကန်မှုများကြောင့် ရန်ကုန်အနေဖြင့် အခက်တွေ့ခဲ့ရပြီး လူစားဝင် ကစားသမား တည်ငြိမ်မင်း၊ အောင်သန့်ဇော်၊ ဇော်ဇော်နိုင်၊ ဆန်းဒေး၊ အာကာတို့၏ တွဲလုံးများကို အထူးဂရုစိုက် တားဆီးခဲ့ရသည်။ သို့သော် ပွဲချိန် ၆၅ မိနစ် အရောက်တွင် မောင်မောင်လွင်က တတိယဂိုး ထပ်သွင်းနိုင်ခဲ့သောကြောင့် ရန်ကုန်တို့ အတော်အသင့် ဖိအားလျော့ကျ ခဲ့ရသည်။ ရခိုင်ယူနိုက်တက် အသင်းအတွက် ပွဲချိန် ၆၇ မိနစ် အရောက်တွင် ဆန်းဒေးက ချေပဂိုးတစ်ဂိုးသွင်းနိုင် ခဲ့သောကြောင့် ရခိုင်တို့ စိတ်ဓာတ်တက်ကြွ လာခဲ့ပြီး အခွင့်အရေးများ ပိုမိုဖန်တီးလာနိုင်ခဲ့သည်။ ယင်းနောက်တွင် တည်ငြိမ်မင်း၏ ကန်သွင်းချက် တစ်ကြိမ် တိုင်ထိမှုနှင့်အတူ ဆန်းဒေး၏ အပိုင်အခွင့်အရေးတစ်ကြိမ် လွဲချော်ခဲ့သောကြောင့် ပွဲအပြီးတွင် ရခိုင်ယူနိုက်တက် အနေဖြင့် အရှုံးရလဒ်ကို လက်ခံခဲ့ရသည်။