ဒီကနေ့ အောင်ဆန်းကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ တန်းတက် မြဝတီ အသင်းနဲ့ ဟံသာဝတီယူနိုက်တက် အသင်းတို့ရဲ့ MPT Myanmar National League 2018 ပွဲစဉ်မှာ ဟံသာဝတီယူနိုက်တက် အသင်းအနေနဲ့ ပထမပိုင်းမှာသွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အသည်းအသန် ရုန်းကန်လာခဲ့တဲ့ မြဝတီကြောင့် အနိုင်သုံးမှတ်ရရှိဖို့အတွက် ခက်ခက်ခဲခဲ အားထုတ်ခဲ့ရပါတယ်။
ပွဲအစ ၁၅ မိနစ်နဲ့ ၂၃ မိနစ်တွေမှာ ဟံသာဝတီ တိုက်စစ်မှူး ဂျိုးဆက်က ဦးဆောင်ဂိုးနှစ်ဂိုးကို ဆက်တိုက်ဆိုသလို သွင်းယူနိုင်ခဲ့တာကြောင့် ဟံသာဝတီ ယူနိုက်တက် အနေနဲ့ ပွဲကို သက်သောင့်သက်သာ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ဒုတိယပိုင်း ရောက်ချိန်မှာတော့ ချေပဂိုးရဖို့ အသည်းအသန် ဖိအားပေးလာတဲ့ မြဝတီကြောင့် အနိုင်သုံးမှတ် ရရှိဖို့အရေး အတော်လေး ခက်ခက်ခဲခဲ အားထုတ်ခဲ့ရပါတယ်။ ဒီပွဲမှာ ချီးကျူးရမှာက မြဝတီအသင်းရဲ့ စိတ်ဓာတ်ပိုင်း ဖြစ်ပြီး နှစ်ဂိုးအရှုံးမှာ ချေပဂိုး ပြန်လည်ရရှိနိုင်ဖို့ အတွက် အားကုန်ထုတ် ကစားခဲ့တာက ဟံသာဝတီကို အတော်လေး အခက်တွေ့စေခဲ့တာပါ။ ဒါကြောင့်လည်း ပွဲချိန် ၅၆ မိနစ်မှာ မြဝတီ အသင်းကို ပင်နယ်တီ ခွင့်ပြုခဲ့ရပြီး ဒီပင်နယ်တီကို မြဝတီအသင်းရဲ့ တိုက်စစ်ကစားသမား ကောင်းစည်သူ အပိုင်ကန်သွင်းခဲ့တာကြောင့် မြဝတီတို့ ချေပဂိုး ရရှိခဲ့ပါတယ်။ လက်ကျန် ပွဲချိန်တွေမှာလည်း မြဝတီကပဲ တောက်လျှောက် တိုက်စစ်ဆင် ဖိကစားခဲ့ပြီး ဟံသာဝတီကတော့ ပထမပိုင်းတုန်းက ခြေစွမ်းမျိုး လုံးဝကို ပျောက်ဆုံးသွားခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း မြဝတီအနေနဲ့ နောက်ထပ်တစ်ဂိုး ထပ်မရတော့တာကြောင့် ပွဲအပြီးမှာတော့ အနိုင်သုံးမှတ်ကို ဟံသာဝတီ ယူနိုက်တက် အသင်းကပဲ ထိန်းသိမ်းသွားနိုင် ခဲ့ပါတယ်။ ဟံသာဝတီ အနေနဲ့ ဒီပွဲကို အနိုင်ရခဲ့တယ် ဆိုပေမယ့် ပြင်ဆင်စရာတွေ များစွာ ရှိနေသေးပြီး အထူးသဖြင့် ကစားသမားတွေရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်က မေးခွန်းထုတ်ရမယ့် အခြေအနေမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။