ဂျီအက်ဖ်အေကို ဂိုးပြတ်အနိုင်ကစားပြီး ဧရာဝတီယူနိုက်တက် ပထမဆုံးနိုင်ပွဲရယူ

February 11, 2018

MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၅ ရဲ့ နောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဂျီအက်ဖ်အေ အသင်းနဲ့ ဧရာဝတီ ယူနိုက်တက် အသင်းတို့ရဲ့ ပွဲမှာ ဧရာဝတီ ယူနိုက်တက်က ပထမပိုင်းသွင်းဂိုးတွေနဲ့ ဂိုးပြတ်နိုင်ပွဲရရှိပြီး ခုရာသီမှာ ပထမဆုံး နိုင်ပွဲကို ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယား အောက်ပိုင်းကနေလည်း ရုန်းထွက် နိုင်ခဲ့ပါတယ်။

ဂျီအက်ဖ်အေမှာ နိုင်ငံခြား ကစားသမား သုံးဦးအပြင် ပြည်တွင်းက အဓိက ကစားသမားတွေ ဖြစ်တဲ့ မောင်လီယို၊ ဖိလစ်ထွန်း၊ ဒေးဗစ်လာရယ်ဖယ်လာ၊မြတ်သူဟန် အစရှိတဲ့ ကစားသမားတွေ ပါဝင်လာသလို ဧရာဝတီကလည်း နိုင်ငံခြား ကစားသမား သုံးဦးအပြင် မင်းမင်းသူ၊ သီဟဇော်၊ ဖြိုးကိုကိုသိန်း၊အစရှိတဲ့ ကစားသမားတွေနဲ့ ဂျီအက်ဖ်အေကို ရင်ဆိုင်ခဲ့ပါတယ်။

ပွဲချိန်အစောပိုင်းမှာ အပြန်အလှန် ရှိခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့ အမျှ ပွဲကို ဧရာဝတီယူနိုက်တက် အသင်းက စိုးမိုးလာနိုင်ခဲ့ပါတယ်။ ဂျီအက်ဖ်အေကတော့ နိုင်ငံခြားကစားသမားတွေ အသင်းနဲ့ အံမဝင်တာကြောင့် တဖြည်းဖြည်းနဲ့ ဧရာဝတီရဲ့ စိုးမိုးမှုကို ခံလာရပါတယ်။ ဒါကြောင့်ပဲ ပွဲချိန် ၂၈ မိနစ်နဲ့ ၂၉  မိနစ်တွေမှာ ဧရာဝတီ ယူနိုက်တက် တိုက်စစ်မှူး အယ်လာ အီဒူဘတ် ပက်ထရစ်က နှစ်ဂိုးဆက်တိုက် သွင်းယူပြီး ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဆက်တိုက်ဖိကစားနေတဲ့ ဧရာဝတီက ပွဲချိန် ၃၇ မိနစ် အရောက်မှာ ဦးဆောင်ဂိုးတစ်ဂိုး ထပ်မံရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ အသင်းခေါင်းဆောင် မင်းမင်းသူက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ပွဲကပြန်လည် ညီမျှသွားခဲ့ပေမယ့် နှစ်သင်းစလုံး ဂိုးထပ်မံ သွင်းယူနိုင်ခြင်း မရှိခဲ့တာကြောင့် ပထမပိုင်း ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပြီး ဧရာဝတီ ယူနိုက်တက် အသင်းက ပထမဆုံး အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ဧရာဝတီ ယူနိုက်တက် အနေနဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာထိ တက်လှမ်းနိုင်ခဲ့ပါတယ်။