ယနေ့ကျင်းပခဲ့သော အေအက်ဖ်စီဖလား အုပ်စုပွဲစဉ်များတွင် မြန်မာနိုင်ငံကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းက အိမ်ကွင်းတွင် ရှုံးပွဲကြုံတွေ့ခဲ့ပြီး ပွဲဦးထွက် မျက်နှာပန်းမလှဖြစ်ခဲ့ရသည်။ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ရှမ်းယူနိုက်တက်အသင်းနှင့် ဟုမ်းယူနိုက်တက်(စင်္ကာပူ) အသင်းတို့ပွဲစဉ်တွင် ဧည့်သည်အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့ရာ တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် ၇၅ မိနစ် ဆွန်အူယောင်းက သွင်းယူပေးခဲ့သည်။ ယနေ့ပွဲစဉ်တွင် အိမ်ရှင်ရှမ်းယူနိုက်တက်အသင်းက ပွဲချိန်တစ်လျှောက် အသာစီးရယူကစားနိုင်ခဲ့ပြီး အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့သည်။ သို့သော် အဆုံးသတ်ပိုင်းတွင် လိုအပ်ချက်များရှိနေခဲ့ပြီး အခွင့်အရေး အနည်းငယ်သာ ဖန်တီးနိုင်ခဲ့သော်လည်း အဆုံးသတ်သေချာသည့် ဟုမ်းယူနိုက်တက်အသင်းက နိုင်ပွဲတစ်ပွဲကို ရယူသွားခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားမြေ၌ ကျင်းပခဲ့သော ဘာလီယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ခြေစွမ်းပြပြီး ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။