AFC Cup 2018 အုပ်စု(G) အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ဖေဖော်ဝါရီ ၁၃ ရက်(ယနေ့)တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဧည့်သည်ရန်ကုန်ယူနိုက်တက်အသင်းက အိမ်ရှင်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် အိမ်ရှင်ဘာလီယူနိုက်တက် အသင်း ကို လျင်လျင်မြန်မြန်ဖြင့် ထိုးဖောက်တိုက်စစ်ဆင်ကစားနိုင်ခဲ့သည်။ ရန်ကုန်အသင်းအတွက် ပထမ ဦးဆောင်ဂိုးကို ပွဲချိန် ၁၅ မိနစ်တွင် အီမန်နူရယ်က သွင်းယူပေးခဲ့သည်။ ရန်ကုန်အသင်းအတွက် ဒုတိယဦးဆောင်ဂိုးနှင့် တတိယဂိုးများကို တိုက်စစ်မှူးဆီလာက ပွဲချိန် ၁၈ မိနစ်နှင့် ၂၅ မိနစ်များတွင် သွင်းယူပေးခဲ့သည်။ ဧည့်သည် ဘာလီယူနိုက်တက်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ပွဲချိန် ၄၅+၁ မိနစ်တွင် Sukadana Pratama က သွင်းယူပေးခဲ့သည်။
AFC Cup 2018 အုပ်စု(G)တွင် ပါဝင်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စုပွဲဦးထွက် ပွဲစဉ်တွင် ဘာလီအသင်းကို အနိုင်ရခဲ့သည့်အတွက် အုပ်စုအမှတ်ပေးဇယားကို ဗီယက်နမ်ကလပ် FLC Thanh Hoa အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ရန်ကုန်အသင်း သည် အုပ်စု ဒုတိယပွဲစဉ်အဖြစ် လာမည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဗီယက်နမ်ကလပ် FLC Thanh Hoa အသင်းနှင့် သုဝဏ္ဏကွင်းတွင် ကစားရမည်ဖြစ်သည်။ FLC Thanh Hoa အသင်းသည် အုပ်စုပွဲဦး ထွက်တွင် ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အသင်းကို အိမ်ကွင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိထားသည့် အသင်းဖြစ်သည်။