သွင်းဂိုးတွေ လှိုင်လှိုင် . . . .ပွဲစဉ်တွေမြိုင်မြိုင် ဆိုင်ဆိုင်နှင့် အရှိန်အဟုန်ကောင်းကောင်း ချီတက်နေသော

February 16, 2018

သွင်းဂိုးတွေ လှိုင်လှိုင် . . . .ပွဲစဉ်တွေမြိုင်မြိုင် ဆိုင်ဆိုင်နှင့် အရှိန်အဟုန်ကောင်းကောင်း ချီတက်နေသော  MPT Myanmar National League 2018 အမှတ်ပေးပြိုင်ပွဲက တစ်ပတ်ထက် တစ်ပတ် စိတ်ဝင်စားဖွယ် အသွယ်သွယ်နှင့်  အဖွယ်ဖွယ်သော ရသမျိုးစုံအား ဖြည့်စွမ်းပေးလျက်ရှိသည်ဟု ဆိုချင်သည်။

ခြေနှစ်ချောင်း စီးဆင်းမှုအလွန်  ပြည်တွင်းနေ မီးခဲပြာဖုံး လူငယ်ကစားသမားများ၏  ခြေစွမ်းပြသလာမှု  မထင်မှတ်ထားသော   ရလဒ်များ ထွက်ပေါ်လာမှု . . .အမှတ်ပေးဇယား ဦးဆောင်သူများအကြား  အနိမ့်အမြင့်၊ အတက်အကျ ဒီရေလှိုင်းများ စီးဆင်းနေမှု…စသည့် စသည့်   အချက်များက အမှတ်ပေးပြိုင်ပွဲ၏  ရုပ်လုံးကြွမှုကို ပေါ်လွင်နေလျက်ရှိသည်။

ထို့ကြောင့်  ဧရာဝတီ-ရှမ်း၊ ဟံသာဝတီ-ဇွဲကပင်၊ ဆောက်သမ်းမြန်မာ-ရခိုင် စသည့် ထိပ်တိုက်တွေ့ဆုံမှုပွဲစဉ်များ ပါဝင်နေသည့် ယခုတစ်ပတ်ပွဲစဉ်(၆) ပြိုင်ပွဲသည်လည်း ဆုံတွေ့မှု ပွဲစဉ်များက ပရိသတ်များ၏ စိတ်အာရုံကို  စွဲခေါ်သွားမည့် ပွဲကြီးပွဲကောင်းများ အဖြစ် ဆက်လက်မြင်တွေ့ရပါဦးမည်….။

၁၇-၂-၂၀၁၈

မြ၀တီအက်ဖ်စီ-ရတနာပုံအက်ဖ်စီ (သုဝဏ္ဏကွင်း)

တန်းတက်မြ၀တီအသင်းတို့  ပွဲဦးထွက် မကွေးအသင်းနှင့် သရေရလဒ်ထွက်ပေါ်ခဲ့သည့် ပွဲစဉ်ကလွဲ၍  ပွဲစဉ်(၅) ကစားပြီးသည့်တိုင် နိုင်ပွဲရှာမတွေ့သေးပေ။ ထိုသို့ နိုင်ပွဲလိုအပ်နေခဲ့သည့်  အချိန်တွင်  ရတနာပုံလိုအသင်းနှင့် ဆုံတွေ့နေခြင်းက ကံဆိုးလှသည်ဟု ဆိုရမည်။   ရတနာပုံအသင်းမှာ မကွေးအသင်းကို အမှတ်မထင် အိမ်ကွင်းမှာ ရှုံးနိမ့်လိုက်ရသည့် အတွက် နိုင်ပွဲပြန်လည်ရှာဖွေမည်မှာ အသေအချာဖြစ်သည်။  ထို့ကြောင့် ယခုပွဲစဉ်မှာ မြ၀တီအသင်းအတွက် ခက်ခဲမည့်ပွဲစဉ်တစ်ပွဲဖြစ်လာနိုင်သည်။

၁၇-၂-၂၀၁၈

ဆောက်သမ်းမြန်မာ – ရခိုင်ယူနိုက်တက် (မော်လမြိုင်)

ရာမညတိုင်းမှာ ဆောက်သမ်းမြန်မာအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ သူနိုင်၊ကိုယ်နိုင် အပြိုင် ကစားမည့်ပွဲစဉ်ဖြစ်သည်။ ခြေညီသည့်နှစ်သင်း ဖြစ်တာကြောင့် အကြိတ်အနယ်ရှိမည့်ပွဲစဉ်ကို ပရိတ်သတ်များ မြင်တွေ့ခွင့်ရမည်ဖြစ်သည်။    တစ်ပွဲနိုင်၊  နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရမှတ် ငါးမှတ်စီဖြင့် အဆင့် ၈ နှင့် အဆင့် ၉ နေရာတွင် အသီးသီးရပ်တည်နေသော အသင်းများလည်းဖြစ်သည်။ သို့သော် နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှုတွင် ဧည့်သည် ရခိုင်ယူနိုက်တက်အသင်းက နှစ်ကြိမ်အနိုင်ရထားပြီး တစ်ပွဲသရေကျထား၍ ရလဒ်ပိုင်းအရ ရခိုင်အသင်းက အသာရလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။  ဆောက်သမ်းမြန်မာအသင်း ဒုတိယမြောက်နိုင်ပွဲ ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမည့် ပွဲစဉ်လည်းဖြစ်သည်။

၁၇-၂-၂၀၁၈

ဟံသာဝတီယူနိုက်တက်-ဇွဲကပင်ယူနိုက်တက် (ပဲခူး)

နောက်ထပ် ခြေညီသည့် နှစ်သင်း၏ ထိပ်တိုက်တွေ့ဆုံမှုကို ပရိသတ်များ မျက်ဝါးထင်ထင် ကြည့်ရှုအားပေးခွင့် ရမည့်ပွဲစဉ်ဖြစ်သည်။   ပွဲစဉ်(၅)တွင် နှစ်သင်းစလုံးနိုင်ပွဲ ရထားပြီး နိုင်ပွဲဆက်ခွင့်ရဖို့ ကြိုးပမ်းကြမည့် အသင်းများဖြစ်သည်။  ဟံသာဝတီအသင်းတွင် တိုက်စစ်မှူး ဂျိုးဇက်အသင်းနှင့် အထိုင်ကျစ ပြုနေပြီဖြစ်သလို ဇွဲကပင် တိုက်စစ်မှူး ပေါ်လို၏ စွမ်းဆောင်ရည်များကလည်း အိမ်ရှင်အသင်းကို အခက်တွေ့စေမည့် အရိပ်အယောင်များ မြင်တွေ့နေရသည်။

၁၈-၂-၂၀၁၈

ဧရာဝတီယူနိုက်တက်-ရှမ်းယူနိုက်တက်(ပုသိမ်)

ရန်ကုန်ယူနိုက်တက်အသင်းကို ဧည့်ခံယှဉ်ပြိုင်စဉ်က ပြသခဲ့သော ဧရာဝတီအသင်း၏ ခြေစွမ်းက ပြိုင်ဘက်အသင်းကြီးများ အထင်ကြီး လေးစားလောက်စရာဖြစ်သည်။  ရာသီအစ နိုင်ပွဲများနှင့် ဝေးကွာခဲ့ရသည်။ သို့သော် ပွဲစဉ်(၅)တွင် ဂိုးပြတ်ရလဒ်နှင့် အတူ နိုင်ပွဲ စတင်ရရှိခဲ့ပြီး အိမ်ကွင်းခြေစွမ်းကောင်းမွန်လေ့ရှိသည့် အချက်က အိမ်ရှင်အသင်း၏ အားသာချက်များ ဖြစ်လာနိုင်သည်။   ထို့ပြင် ဧရာဝတီယူနိုက်တက်အသင်းတွင်  တိုက်စစ်မှူး အီဒူဘတ်ပက်ထရစ် ဂိုးသွင်းခြေတွေ့နေပြီး  ရှမ်းအသင်းနှင့်ပွဲစဉ်တွင် ပုံစံကောင်းများ ဆက်လက်ပြသနိုင်မည်လား စောင့်ကြည့်ရမည်ဖြစ်သည်။

ဧည့်သည် ရှမ်းယူနိုက်တက်အသင်းက ယခုပွဲမတိုင်မီ အေအက်ဖ်စီဖလား ကစားထားရသည်။ ထိုအချက်က  ဦးစိုးမြတ်မင်း၏ အသင်းအတွက် ပွဲပမ်းမှုဒဏ် အနည်းငယ် ခံစားရနိုင်သည့် အခြေအနေရှိသည်။   အသင်း၏ ဘယ်နောက်ခံကစားသမား ဟိန်းသီဟဇော် ဒဏ်ရာကြောင့်  ပြိုင်ပွဲစုံ လေးပွဲဆက်  ဆက်တိုက် လွဲချော်ထားသည်။  ထို့ပြင် အသင်း၏ တိုက်စစ်ပိုင်းက ခရစ္စတိုဖာခြေစွမ်းကျဆင်းစ ပြုနေရာ ထိုအချက်များက ရှမ်းအခက်… ဧရာဝတီအတွက် အားသာချက်များလည်း ဖြစ်လာနိုင်သည်။ သို့သော်  ရှမ်းအသင်းမှာ လက်ရှိချန်ပီယံဂုဏ်ပုဒ်နှင့် အညီ စွမ်းဆောင်မှုများ မြင့်မားကြောင်း ပြသရန် အားခဲ့လာမည့် အသင်းဖြစ်သည်။ ထို့ကြောင့် ဧရာဝတီ-ရှမ်း ပွဲစဉ်မှာ ယခုတစ်ပတ်၏ စောင့်ကြည့်ချင်စရာ အကောင်းဆုံးပွဲစဉ်တစ်ပွဲဟု ညွှန်းဆိုပြချင်မိသည်။

၁၈-၂-၂၀၁၈

ရန်ကုန်ယူနိုက်တက်-ဂျီအက်ဖ်အေအက်ဖ်စီ(Y.U.S.C)

အမှတ်ပေးဇယားထိပ်ပိုင်းတွင် မားမားမတ်မတ် ရပ်တည်နေပြီဖြစ်သော ရန်ကုန်ယူနိုက်တက်အသင်း၏ လတ်တလောခြေစွမ်း နှင့် စိတ်ဓာတ်ပိုင်းက မိတ်ဆက်ပြဆိုစရာ လိုအပ်ဦးမည်မထင်။ ဆိုင်လာ၊မောင်မောင်လွင် တို့ အကောင်းဆုံးပုံစံရရှိနေသည်။ ရာသီမတိုင်မီ ဝေဖန်မှုအချို့ရှိခဲ့သော နောက်တန်းက ယခုဆို တည်ငြိမ်စ ပြုလာပြီဖြစ်သည်။ အေအက်ဖ်စီဖလားတွင် ဘာလီအသင်းကို အဝေးကွင်း၌ ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ထို့ကြောင့်  ဂျီအက်ဖ်အေ အသင်းအနေဖြင့် ရန်ကုန်ကွင်းတွင် ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်သန်းရခြေ ရှိနေသည်။

၁၈-၂-၂၀၁၈

မကွေးအက်ဖ်စီ-စစ်ကိုင်းယူနိုက်တက်(အောင်ဆန်း)

ရှိတာလေးနှင့်  ဂုဏ်တင့်အောင် စွမ်းဆောင်ပြနေသည့် အသင်းက မကွေးအက်ဖ်စီ အသင်းဖြစ်သည်။ ပွဲစဉ်(၅) တွင် ရတနာပုံကဲ့သို့ လက်ရွေးစင်အများစု ပါဝင်သည့်အသင်းကို အဝေးကွင်းတွင် တည်တည်ငြိမ်ငြိမ် အနိုင်ယူပြလိုက်သည်။ လူငယ်များ၏ ကစားအား … နည်းပြအဖွဲ့၏ ပွဲအပေါ် စိတ်ရှည်ရှည်  ချဉ်းကပ်မှုများက ဒီရာသီ မကွေးအသင်း၏ အားသာချက်များ ဖြစ်မည်ဟု ထင်မိသည်။  သို့သော် မကွေးအသင်း၏ ယခုတစ်ကြိမ် ပြိုင်ဘက်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းဖြစ်သည်။  လတ်တလော တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ သုံးပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားသည့် တန်းတက် အသင်းဖြစ်သော်လည်း အသင်း၏ ခြေစွမ်းက မှန်းဆရ ခက်သည့် အသင်းဖြစ်သည်။  ပြီးခဲ့သည့် ပွဲစဉ်(၅) တွင် လက်ရှိချန်ပီယံအသင်းကို အကောင်းဆုံးတုံ့ပြန် ကစားနိုင်ခဲ့သည့် စစ်ကိုင်းအသင်း၏ ခြေစွမ်းက ပြိုင်ဘက်အသင်းများ လျော့တွက်လျင် မှားကိန်းဆိုက်မည့်  အခြေအနေဖြစ်သည်။  ထို့ကြောင့် အောင်ဆန်းကွင်းယှဉ်ပြိုင်မည့် ထိုပွဲစဉ်သည်လည်း အထက်ပါ ပွဲစဉ်များ နည်းတူ တစ်နည်းတစ်ဖုံ ဖျော်ဖြေမှု ရသ ပေးစွမ်းမည့် ပွဲစဉ်ဟု ဆိုချင်မိပါသည်။

MPT Myanmar National League 2018

Week 6

17-2-2018

မြ၀တီအက်ဖ်စီ – ရတနာပုံအက်ဖ်စီ (သုဝဏ္ဏ)

ဆောက်သမ်းမြန်မာ – ရခိုင်ယူနိုက်တက် (မော်လမြိုင်)

ဟံသာဝတီယူနိုက်တက်-ဇွဲကပင်ယူနိုက်တက် (ပဲခူး)

18-2-2018

ဧရာဝတီယူနိုက်တက်-ရှမ်းယူနိုက်တက်(ပုသိမ်)

ရန်ကုန်ယူနိုက်တက်-ဂျီအက်ဖ်အေအက်ဖ်စီ(Y.U.S.C)

မကွေးအက်ဖ်စီ-စစ်ကိုင်းယူနိုက်တက်(အောင်ဆန်း)