ယခုရာသီတွင် အိမ်ကွင်းနိုင်ပွဲ ရယူနိုင်ခြင်း မရှိသေးသော်လည်း လာမည့် ရှမ်းယူနိုက်တက်နှင့် ပွဲစဉ်တွင် အနိုင်ကစားနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဧရာဝတီ ယူနိုက်တက် အသင်း၏ နည်းပြချုပ် ဦးကျော်လွင်က ပြောကြားခဲ့သည်။ ဧရာဝတီ ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်တို့သည် MPT Myanmar National League 2018 ပွဲစဉ် ၆ ၏ ပွဲစဉ်တစ်ပွဲ အဖြစ် လာမည့် ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၃း၃၀ နာရီတွင် ဧရာဝတီ ယူနိုက်တက် အသင်း၏ အိမ်ကွင်းဖြစ်သည့် ပုသိမ်မြို့ ကျောက်တိုင်ကွင်း၌ တွေ့ဆုံယှဉ်ပြိုင်ကြမည် ဖြစ်သည်။
“ရှမ်းယူနိုက်တက်နဲ့ အိမ်ကွင်းပွဲမှာတော့ ကျွန်တော်တို့ အနိုင်ရလဒ် အတွက်ပဲ ရည်ရွယ် ကြိုးစားသွားမှာပါ။ ဒါပေမဲ့ ပြိုင်ဘက်က လက်ရှိချန်ပီယံပါ။ ကစားသမားကောင်းတွေလည်း ရှိပါတယ်။ အခြေအနေ အကြောင်းမလှလို့သာ သူတို့က ရလဒ်ဆိုးနေတာပါ။ ဒါကြောင့် ကျွန်တော်တို့ ခက်ခက်ခဲခဲ ကြိုးစားရမှာပါ။ ကစားသမား အားလုံးကတော့ ဒီပွဲအတွက် စိတ်အားတက်ကြွနေကြပါပြီ။ အကောင်းဆုံး ရလဒ်တစ်ခု ထွက်လာမှာပါ”ဟု ဧရာဝတီ ယူနိုက်တက် အသင်း နည်းပြချုပ် ဦးကျော်လွင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီ ယူနိုက်တက် အသင်းသည် ယခုရာသီတွင် ရာသီအစပိုင်း နိုင်ပွဲပျောက်ဆုံးမှုနှင့် ကြုံတွေ့ခဲ့ရပြီး ပြီးခဲ့သည့် အပတ်က ကစားခဲ့သည့် ပွဲစဉ် ၅ တွင်မှ စတင်ကာ နိုင်ပွဲရယူနိုင်ခဲခြင်း ဖြစ်သည်။ ဧရာဝတီ ယူနိုက်တက်သည် ရာသီအဖွင့်ပွဲစဉ်တွင် ရတနာပုံ အသင်းကို အဝေးကွင်းတွင် ရှုံးနိမ့်ခဲ့ရပြီးနောက် အိမ်ကွင်း ၃ ပွဲဆက် ကစားခဲ့ရသော်လည်း သရေပွဲများနှင့်သာ ကြုံတွေ့ခဲ့ရပြီး ပွဲစဉ် ၅ အရောက်တွင်မှ ပထမဆုံး နိုင်ပွဲ ရရှိခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီ ယူနိုက်တက် အသင်းအနေဖြင့် ခြေစွမ်းကောင်း ပြသနိုင်ရန် ရုန်းကန်နေရခြင်း အတွက်ကိုမူ ဦးကျော်လွင်က အသင်းရှိ ကစားသမားများနှင့် နိုင်ငံခြား ကစားသမားသစ်များ အတွဲအဖက် မမိသေး၍ဖြစ်ကြောင်း ဆိုခဲ့သည်။