ဧရာဝတီနှင့် ပွဲအတွက် တိုက်စစ်ပိုင်းကို သေချာပြုပြင်ထားကြောင်း ရှမ်းယူနိုက်တက် နည်းပြချုပ် ဦးစိုးမြတ်မင်း ပြောကြား

February 17, 2018

တိုက်စစ်ပိုင်း ဂိုးသွင်းနှုန်းကျဆင်းမှုနှင့် ကြုံတွေ့နေရသည့် မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်း၏ နည်းပြချုပ် ဦးစိုးမြတ်မင်းက လာမည့် ဧရာဝတီနှင့် ပွဲအတွက် တိုက်စစ်ပိုင်းရှိ အားနည်းချက်များကို သေချာ ပြုပြင်ထားကြောင်း ဆိုခဲ့သည်။

“နောက်ဆုံးကစားခဲ့တဲ့ ဟုမ်းယူနိုက်တက်နဲ့ ပွဲမှာ ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တဲ့ အတွက် အရမ်းကိုနစ်နာခဲ့ရပါတယ်။ အသင်းတစ်သင်းက ဂိုးရမှသာ အနိုင်ရလဒ် ရရှိနိုင်မှာပါ။ ဂိုးမသွင်းနိုင်ရင်တော့ သူ့အတွက် သရေနဲ့ အရှုံးသာ ရှိမှာပါ။ ဒါကြောင့် လာမယ့် ဧရာဝတီနဲ့ ပွဲအတွက် အသင်းရဲ့ တိုက်စစ်ပိုင်း အားနည်းချက်တွေကို သေချာလေး ပြုပြင်ထားပါတယ်။ ဧရာဝတီက အိမ်ကွင်းမှာဆို သိပ်ကောင်းတဲ့ အသင်းပါ။ ဒါပေမဲ့လည်း ကျွန်တော့် ကစားသမားတွေ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ရှမ်းယူနိုက်တက် အသင်း နည်းပြချုပ် ဦးစိုးမြတ်မင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဘောလုံးရာသီတွင် ရှုံးထွက်ဖလားနှင့် လိဂ်ဖလားတို့ကို ရယူကာ အောင်မြင်မှုများစွာ ရယူထားနိုင်ခဲ့သည့် ရှမ်းယူနိုက်တက် အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင်မူ အနည်းငယ် ရုန်းကန်နေရပြီး နောက်ဆုံးကစားထားသည့် သုံးပွဲတွင် နိုင်ပွဲတစ်ပွဲသာ ရရှိထားပြီး သွင်းဂိုးလည်း တစ်ဂိုးသာ ရှိခဲ့သည်။ ထို့ကြောင့် သွင်းဂိုးနည်းပါးလျှက် ရှိသည့် တိုက်စစ်ပိုင်းကို လာမည့် ဧရာဝတီ ယူနိုက်တက်နှင့် ပွဲအတွက် သေချာပြုပြင်ထားကြောင်း ဆိုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အသင်း၏ ခြေစွမ်းပိုင်း ယိမ်းယိုင်မှုနှင့် ဂိုးသွင်းနှုန်း ကျဆင်းမှုများ ဖြစ်နေသော်လည်း လက်ရှိ ချန်ပီယံဘွဲ့ကိုမူ ကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း ဦးစိုးမြတ်မင်းက ပြောသည်။ ရှမ်းယူနိုက်တက်သည် လိဂ်ပွဲ ၅ ပွဲ ကစားပြီးချိန်တွင် သုံးပွဲ အနိုင်ရထားပြီး နှစ်ပွဲ သရေကျထားရာ ရှုံးပွဲလုံးဝ မရှိသေးပေ။

ဦးစိုးမြတ်မင်းက “ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့က အရေးကြီးပါတယ်။ ဒီအတွက်လည်း တစ်သင်းလုံး တစ်စိတ်တစ်ဝမ်းတည်း ရှိပါတယ်။ သေချာတာကတော့ ကျွန်တော်တို့ အသင်းအနေနဲ့ လက်ရှိချန်ပီယံဘွဲ့ကို လက်လွှတ် မဆုံးရှုံးရအောင် အစွမ်းကုန် ကာကွယ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။