MPT Myanmar National Legaue 2018 (Week-6) ပွဲစဉ်တစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၁၇ ရက်(ယနေ့)ညနေက ပဲခူးမြို့ရှိ၊ Grand Royal Stadium တွင် ဟံသာဝတီယူနိုက်တက်အသင်း နှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ဟံသာဝတီယူနိုက်တက်အသင်းက ကျော်ဇေယျ၏ သွင်းဂိုးတစ်ဂိုးတည်းဖြင့် ဧည့်သည်အသင်းကို အနိုင်ယူခဲ့သည်။
ပထမပိုင်းတွင် ဇွဲကပင်ယူနိုက်တက်အသင်းက အိမ်ရှင်ဟံသာဝတီအသင်းဘက်သို့ ဖိကစားပြီး အိမ်ရှင်ဟံသာဝတီအသင်းကလည်း ခံစစ်မှ တိုက်စစ်သို့ လျင်လျင်မြန်မြန် တုံ့ပြန်ကစားနိုင်ခဲ့သည်။ ပွဲချိန် မိနစ် ၂၃ ခန့်တွင် ဟံသာဝတီအသင်းနောက်ခံလူ မိုက်ကယ်နှင့် ဇွဲကပင်အသင်းနောက်ခံလူ ၀က်ဒ်တို့ ထောင့်ကန်ဘောတွင် ခေါင်းလုတိုက်ရာမှ နှစ်ဦးစလုံးဦးခေါင်းကွဲခဲ့ကြသည်။ ဇွဲကပင် နောက်ခံလူ ၀က်ဒ်သည် ဒဏ်ရာမပြင်းထန်သည့်အတွက် ပတ်တီးစည်းကာ ဘောလုံးပြန်ကစား နိုင်ခဲ့သော်လည်း ဟံသာဝတီနောက်ခံလူ မိုက်ကယ်၏ ဒဏ်ရာက ပြင်းထန်သည့်အတွက် လူစားလဲ ခဲ့ရသည်။ နှစ်သင်းစလုံးသည် အင်နှင့်အားနှင့် အပြန်အလှန်ကစားခဲ့ကြသည့်အတွက် ပရိသတ် အကြိုက်တွေ့သည့်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ အိမ်ရှင်အသင်းအတွက် ပထမဦးဆောင်ဂိုးကို ပွဲချိန် ၃၇ မိနစ်တွင် ကျော်ဇေယျာက သွင်းယူပေးခဲ့ပြီး ပထမပိုင်းအပြီးတွင် ဟံသာဝတီအသင်းက ၁-၀ ဂိုး ဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ရာတွင် ဇွဲကပင်အသင်းမှ ချေပဂိုးပြန်လည်ရရှိရန် ကြိုးပမ်းခဲ့ပြီး ဟံသာ ၀တီအသင်းကလည်း အကောင်းဆုံးတုံ့ပြန်ကစားခဲ့သည်။ သို့သော် ဇွဲကပင်အသင်းအနေဖြင့် လိုအပ်သည့် ချေပဂိုးမသွင်းနိုင်ခဲ့သည့်အတွက် ပွဲအပြီးတွင် အိမ်ရှင်ဟံသာဝတီအသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။