အိမ်ရှင်ကို အနိုင်ကစားပြီး အမှတ်ပေးဇယားထိပ်ပိုင်းမှာ ဆက်လက် ရပ်တည်ခဲ့တဲ့ ရှမ်းယူနိုက်တက်

February 18, 2018

ဒီကနေ့ ညနေ ၃း၃၀ က ပုသိမ်မြို့ ကျောက်တိုင်ကွင်းမှာ ကျင်းပခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်မှာ ဧည့်သည် ရှမ်းယူနိုက်တက် အသင်းက အိမ်ရှင် ဧရာဝတီကို တိုက်စစ်မှူး ခရစ္စတိုဖာ သွင်းယူပေးတဲ့ တစ်ဂိုးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိ ခဲ့တာကြောင့် အမှတ်ပေးဇယား ဒုတိယနေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

ဧရာဝတီယူနိုက်တက် အနေနဲ့ အိမ်ကွင်းမှာ နိုင်ပွဲပျောက်နေမှုကို အဆုံးသတ်ဖို့ အတွက် ဒီနေ့ပွဲမှာ ကြိုးစားပြင်ဆင် လာခဲ့ပေမယ့် ဂိုးကံခေခဲ့တာကြောင့် ဒီနေ့ပွဲကို အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဧရာဝတီ အနေနဲ့ ပွဲချိန် ပထမပိုင်းမှာ အပိုင်ဂိုးသွင်းခွင့် နှစ်ကြိမ်လောက် ရခဲ့ပေမယ့် ဂိုးမဖြစ်ခဲ့တာကြောင့် ခုလို ရလဒ်ဆိုးခဲ့ရတာ ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက် အနေနဲ့လည်း ဒီနေ့ပွဲမှာ ကစားပုံ အတော်လေး ကောင်းလာခဲ့ပြီး ဧရာဝတီကို ပွဲချိန်အတော်များများမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ ရှမ်းယူနိုက်တက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၂၉  မိနစ် အရောက်မှာ တိုက်စစ်မှူး ခရစ္စတိုဖာက သူ့ရဲ့ ပုံစံအတိုင်း ညာခြမ်းက ဆွဲဝင်ပြီး ဘယ်ခြေနဲ့ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

ပွဲရဲ့ နောက်ပိုင်းမိနစ်တွေမှာတော့ အနည်းငယ် ပွဲကြမ်းတစ်ပွဲ ဖြစ်ခဲ့ပြီး ပြစ်ဒဏ်ဘောတွေ မကြာခဏ ပေးခဲ့ရတာ တွေ့ရပါတယ်။ မိနစ် ၈၀ နောက်ပိုင်းမှာ ဧရာဝတီက ဂိုးရဖို့ အသည်းအသန် တိုက်စစ်ဆင် ကစားလာခဲ့ပြီး ဧရာဝတီ နောက်ခံလူ အာကာနိုင် အပိုင်တစ်လုံး ဖြုန်းတီးခဲ့တာကြောင့် ဧရာဝတီတို့ ချေပဂိုး မရခဲ့ဘဲ ပွဲအပြီးမှာတော့ ရှမ်းယူနိုက်တက်ကို အရှုံးပေးခဲ့ရကာ ပထမဆုံး အိမ်ကွင်းရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။