MPT Myanmar National League 2018 Week(7)
….ရတနာပုံအက်ဖ်စီအသင်းရဲ့ ရာသီအစ ဘုန်းမီးနေလ တောက်ချိန်တွေဟာ တဖြည်းဖြည်းနဲ့ အိမ်နိမ့်စံဘ၀ကို…
၂၃-၂-၂၀၁၈
ရန်ကုန်ယူနိုက်တက်-ရှမ်းယူနိုက်တက် (YUSC) -၃း၃၀ – Live
အမှတ်ပေးဇယား ထိပ်ဆုံးက ရန်ကုန်ယူနိုက်တက်နှင့် ဒုတိယနေရာက ရှမ်းယူနိုက်တက်အသင်းတို့ တွေ့ဆုံမှု ပွဲစဉ်က ယခုတစ်ပတ်ရဲ့ အကြိတ်အနယ်အရှိဆုံးနဲ့ စိတ်လှုပ်ရှားမှု ပေးစွမ်းမယ့် ပွဲစဉ်တစ်ပွဲပါ။ လတ်တလော ရန်ကုန်အသင်းက စုဖွဲ့မှု အကောင်းဆုံးနှင့် နိုင်ပွဲတွေ ဆက်တိုက်ရယူထားနိုင်တဲ့အသင်းဖြစ်ပြီး အိမ်ကွင်းပွဲစဉ်တိုင်းကိုလည်း ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားတာ တွေ့ရပါတယ်။ လက်ရှိချန်ပီယံ ရှမ်းအသင်းအနေနဲ့ ရန်ကုန်အသင်းရဲ့ နောက် ၂ မှတ် အကွာနဲ့ ဒုတိယနေရာကနေ ဖိအားပေးနေပါတယ်။ ပွဲစဉ်(၆)မှာ ရာဝတီယူနိုက်တက်အသင်းနဲ့ အဝေးကွင်း ပွဲကြပ်ရင်ဆိုင်ခဲ့ရပေမယ့် အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ် ရှမ်းအသင်းရင်ဆိုင်ရမှာက အကောင်းဆုံး ပုံစံ ရရှိနေတဲ့ ရန်ကုန်အသင်းရဲ့ အိမ်ကွင်းမှာပါ။ ဒီပွဲမှာ ရန်ကုန်ယူနိုက်တက်အသင်း နိုင်ပွဲဆက်ခဲ့ရင် အမှတ်ပေးဇယားကို ၅ မှတ်အသာနဲ့ ဦးဆောင်ခွင့်ရသွားမှာဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်း အနိုင်ရခဲ့ရင် အမှတ်ပေးဇယားကို တစ်မှတ်အသာနဲ့ ဦးဆောင်ခွင့်ရလာမှာပါ။ သရေရလဒ်ဖြစ်ခဲ့လျှင်တော့ ရတနာပုံနဲ့ မကွေးအသင်းတွေကို အခွင့်အရေး ပေးသလို ဖြစ်သွားမှာပါ။ ဒါကြောင့် ဒီပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်ပြီး ပွဲခံမှာက ရန်ကုန်လား .. ရှမ်းလားဆိုတာ စိတ်ဝင်စားစရာပါ။ ဒါပေမယ့် အဓိက ကစားသမားတွေဖြစ်တဲ့ အိမ်ရှင်အသင်းက ကွင်းလယ်လူ ရန်အောင်ကျော်နဲ့ ရှမ်းအသင်းနောက်ခံလူ ၀ီလျံတို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲကို လွဲချော်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ရန်ကုန်ကွင်းမှာ အိမ်ရှင်က တစ်ဂိုးအသာနဲ့ အနိုင်ရထားပြီး ရှမ်းယူနိုက်တက်ကွင်းမှာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ထားပါတယ်။
၂၄-၂-၂၀၁၈
ရခိုင်ယူနိုက်တက်-ဂျီအက်ဖ်အေ (ဝေသာလီ)- ၃း၃၀
ပွဲစဉ်(၆)မှာ အနောက်ပိုင်းသားတွေအနေနဲ့ ရာမညမြေ(ဆောက်သမ်းမြန်မာ) မှာ ကျရှုံးခဲ့ရလို့ အဆင့် ၁၀ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ ရခိုင်ယူနိုက်တက်အသင်းအတွက် ယခုနှစ်ရာသီ ပထမဆုံးအိမ်ကွင်းပွဲစဉ်လည်းဖြစ်ပါတယ်။ ဒါကြောင့် အိမ်ကွင်းပရိသတ်ရှေ့မှောက်မှာ နိုင်ပွဲနဲ့ စတင်တာထွက်ဖို့ ပြင်ဆင်လာမှာဖြစ်ပါတယ်။ ရခိုင်ပရိသတ်တွေလည်း သူတို့အသင်းရဲ့ အိမ်ကွင်းပွဲစဉ်ကို အားပေးဖို့ အားခဲထားကြပါလိမ့်မယ်။ ဒါကြောင့် အိမ်ရှင်အားသာချက်က ရခိုင်အသင်းဘက်မှာ ရှိနေတာပါ။ ပြိုင်ဘက် ချင်းပြည်နယ်ကိုယ်စားပြု ဂျီအက်ဖ်အေ အသင်းအနေနဲ့ လည်း ရလဒ်တွေဆိုးရွားနေတာ တွေ့ရပြီး ပွဲစဉ်(၆) မှာ ရန်ကုန်ယူနိုက်တက်အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့တာ တွေ့ရပါတယ်။ စုစုပေါင်း (၆) ပွဲ ကစားခဲ့ရာမှာ တစ်ပွဲသာ အနိုင်ရပြီး တစ်ပွဲသရေ၊ လေးပွဲရှုံး ရလဒ်က အသင်းကို အဆင့် ၁၁ နေရာကို ရောက်ရှိနေစေပါတယ်။ ဒါကြောင့် ဒီအခြေအနေဆိုးကနေ ရုန်းထွက်ဖို့ ဓည၀တီမြေမှာ ရလဒ်ကောင်း ဖော်ဆောင်နိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါ။ ဒီပွဲစဉ်မှာ ရခိုင်ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ အာကာပိုအနေနဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။
၂၄-၂-၂၀၁၈
မကွေးအက်ဖ်စီ-ဧရာဝတီယူနိုက်တက် (သုဝဏ္ဏ) – ၄း၀၀- Live
ပွဲစဉ်(၆) မှာ စစ်ကိုင်းယူနိုက်တက်အသင်းနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့လို့ အဆင့် ၄ နေရာမှာပဲ မကွေးအသင်း ရမှတ် ၁၁ မှတ်နဲ့ ဆက်လက်ရပ်တည်နေပါတယ်။ အကယ်၍ ပွဲစဉ်(၆) ကိုသာ အနိုင်ရခဲ့ရင် ရတနာပုံအသင်းရဲ့ အထက် အဆင့် ၃ နေရာကို ရယူနိုင်ခဲ့မှာပါ။ ဒါပေမယ့် ဒီအခွင့်အရေးကို အသုံးမချနိုင်ခဲ့တာလည်း တွေ့ရပါတယ်။ ဧရာဝတီအသင်းကတော့ လက်ရှိချန်ပီယံနဲ့ အိမ်ကွင်းပွဲစဉ်မှာ အရေးနိမ့်ခဲ့တာ တွေ့ရပြီး ဇွဲကပင်အသင်းရဲ့နောက် အဆင့် ၈ နေရာကို ရောက်ရှိနေပါတယ်။ အသင်းရဲ့ခြေစွမ်းကလည်း ပုံမှန်အနေအထားမှာ ရှိမနေလို့ ခန့်မှန်းရခက်တဲ့ အခြေအနေပါ။ မကွေးအသင်းကလည်း ဘယ်အသင်းမဆို တုံ့ပြန်ကစားနိုင်လေ့ရှိတဲ့ အသင်းတစ်သင်း ဖြစ်တာကြောင့် နောက်ထပ် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲကို ဧရာဝတီတို့ ရင်ဆိုင်ရမှာပါ။
၂၅-၂-၂၀၁၈
ရတနာပုံအက်ဖ်စီ-ဇွဲကပင်ယူနိုက်တက်(မန္တလာသီရိ) – ၄း၀၀
ရတနာပုံအက်ဖ်စီအသင်းရဲ့ ရာသီအစ ဘုန်းမီးနေလ တောက်ချိန်တွေဟာ တဖြည်းဖြည်းနဲ့ အိမ်နိမ့်စံဘ၀ကို ရောက်ရှိလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ကြောင့် ပြိုင်ဘက်အသင်းတွေရဲ့ ကျော်တက်ခြင်းကိုခံခဲ့ရပြီး အဆင့် ၄ နေရာက မကွေးအသင်းရဲ့ ဖိအားပေးခြင်းကိုလည်း ခံနေရတာပါ။ ဒါကြောင့် ဇွဲကပင်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ရလဒ်ကောင်း ပြန်လည် ရယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ဇွဲကပင်ယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ်မှာ ခြေစွမ်းမာကျောတဲ့အသင်း၊ အလယ်အလတ် အသင်းတစ်သင်းအဖြစ် သတ်မှတ်ခံရတဲ့အသင်းတစ်သင်းပါ။ ဒါ့အပြင် ကစားသမားကောင်းတွေနဲ့ ပြည်ပကစားသမားတွေလည်း ခေါ်ယူထားတဲ့အသင်းပါ။ ဒါပေမယ့် ဇွဲကပင်အသင်းရဲ့ အားနည်းချက်က ခြေစွမ်းတည်ငြိမ်မှု မရှိတာပါ။ နောက်ဆုံးသုံးပွဲမှာလည်း တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒီနှစ်သင်းတွေ့ဆုံတိုင်း ရတနာပုံအသင်းက အသာရလေ့ရှိတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ ဇွဲကပင်အသင်းက အစဉ်အလာကို ချေဖျက်နိုင်မှာလား .. အိမ်ရှင်ကပဲ နိုင်ပွဲပြန်လည် ရယူပြီး ယုံကြည်မှုကို ပြန်လည်တည်ဆောက်သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။
၂၅-၂-၂၀၁၈
ဟံသာဝတီယူနိုက်တက်-ဆောက်သမ်းမြန်မာ (ပဲခူး)- ၃း၃၀ – Live
ခြေညီတဲ့ နှစ်သင်းရဲ့ ယှဉ်ပြိုင်မှု ပွဲစဉ်ဖြစ်ပြီး နှစ်သင်းစလုံးက ပွဲစဉ်(၆) မှာ နိုင်ပွဲကိုယ်စီ ရရှိထားကြပါတယ်။ ခြေညီတဲ့ နှစ်သင်းဖြစ်တာကြောင့် ပွဲကောင်းတစ်ပွဲအဖြစ် ပဲခူးပရိသတ်တွေ မြင်တွေ့ရမှာပါ။ ဟံသာဝတီအသင်းက ယခုနှစ်မှာ အိမ်ကွင်းသုံးပွဲ လက်ခံယှဉ်ပြိုင်ကစားထားပြီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါကြောင့် တတိယမြောက်နိုင်ပွဲကို ရယူနိုင်ဖို့ ဆက်လက်ပြင်ဆင်ထားမှာပါ။ ဧည့်သည် ဆောက်သမ်းမြန်မာအသင်းအနေနဲ့ ပွဲစဉ်(၆) မှာ ရခိုင်အသင်းကို အနိုင်ရခဲ့ပေမယ့် ကစားပုံက အကောင်းကြီး မဟုတ်သေးပါဘူး။ နိုင်ဂျီးရီးယားတိုက်စစ်မှူး ၀ီလျံလည်း ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်များများကို လွဲချော်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် နည်းပြချုပ် ဦးကျော်မင်း ဦးဆောင်တဲ့ ဆောက်သမ်းအသင်း ပဲခူးမြေမှာ နိုင်ပွဲဆက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
မှတ်ချက်=MPT Myanmar National League 2018 ပြိုင်ပွဲဝင် မြ၀တီအက်ဖ်စီအသင်းသည် ယခုလ ၂၈-၂-၂၀၁၈ ရက်မှ ၂-၃-၂၀၁၈ ရက်အတွင်း အိန္ဒိယတပ်မတော်အသင်းနှင့် ချစ်ကြည်ရေး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ထို့ကြောင့် MPT Myanmar National League 2018 ပွဲစဉ် (၇) ပွဲစဉ်များအနက် မြ၀တီအက်ဖ်စီ – စစ်ကိုင်းယူနိုက်တက် ပွဲစဉ်ကို ၁၁-၃-၂၀၁၈ ရက်သို့ ပြောင်းရွှေ့ထားပါသည်။