MPT-University Football Tournament 2018 ဖွင့်ပွဲ ပြုလုပ်မည်

February 22, 2018

မြန်မာနေရှင်နယ်လိဂ်၏ အဓိက မိတ်ဖက်ဖြစ်သည့် MPT မှ အဓိက ပံ့ပိုးမည့် တက္ကသိုလ်အဆင့် ဘောလုံးပြိုင်ပွဲ MPT-University Football Tournament 2018 ၏ ဖွင့်ပွဲ အခမ်းအနားကို လာမည့် ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း အနီးရှိ မြန်မာ့ဘောလုံးအကယ်ဒမီတည်ရှိရာ မြက်ခင်းတုကွင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

တက္ကသိုလ် ဘောလုံးလောက တိုးတက်လာပြီး နိုင်ငံတကာတွင် ရင်ဘောင်တန်းနိုင်ရန်၊ မြန်မာ့လက်ရွေးစင် အသင်းအတွက် ကစားသမားကောင်းများ ထွက်ပေါ်လာစေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတဝှမ်းတွင် တက္ကသိုလ်အဆင့် ဘောလုံးပြိုင်ပွဲများကို ကျင်းပလျှက် ရှိရာ အဆိုပါ ကောင်းမွန်သည့် ရည်ရွယ်ချက်များ ပိုမိုအကောင်အထည် ပေါ်လာစေရန် MPT က ပါဝင်ကူညီလာခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တက္ကသိုလ် ဘောလုံးပြိုင်ပွဲများ၏ အခြေခံအကျဆုံး အဆင့်ဖြစ်သော မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲများကို မြန်မာနိုင်ငံအနှံအပြားရှိ အချို့သော တက္ကသိုလ်များတွင် ကျင်းပလျှက် ရှိပြီး ယင်းပြိုင်ပွဲများမှ တဆင့် တက္ကသိုလ် လက်ရွေးစင် အသင်းများ ထွက်ပေါ်လာမည် ဖြစ်သည်။ ယင်းနောက်တွင် တက္ကသိုလ်ပေါင်းစုံမှ လက်ရွေးစင် အသင်းများ ပါဝင်ယှဉ်ပြိုင်ရမည့် ဇုံအဆင့် ပွဲများကို ဆက်လက် ကျင်းပသွားမည် ဖြစ်ကာ ယင်းဇုံများမှ ထွက်ပေါ်လာမည့် ဇုံအလိုက် ချန်ပီယံ အသင်းများကို အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ခွဲခြားကာ ပြိုင်ပွဲများ ဆက်လက် ကျင်းပပေးသွားမည် ဖြစ်သည်။

ဇုံအလိုက်ပွဲများ ကျင်းပရာတွင် အထက်မြန်မာပြည်၌ ဇုံပေါင်း ၆ ဇုံမှ အသင်း ၆ သင်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကာ အောက်မြန်မာပြည်တွင် ဇုံ ၈ ဇုံမှ အသင်း ၈ သင်း ပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။ အထက်မြန်မာပြည် ပြိုင်ပွဲမှ ထိပ်ဆုံး ၂ သင်းနှင့် အောက်မြန်မာပြည် ပြိုင်ပွဲမှ ထိပ်ဆုံး ၂ သင်း၊ စုစုပေါင်း အသင်း ၄ သင်းမှာ မြန်မာပြည် ချန်ပီယံလုပွဲ အဖြစ် ဆက်လက် ယှဉ်ပြိုင်ကြရမည် ဖြစ်ပြီး ထိုပြိုင်ပွဲမှာ မြန်မာနိုင်ငံ၏ အကောင်းဆုံး တက္ကသိုလ် ဘောလုံးအသင်းကို ရွေးထုတ်သွားမည် ဖြစ်သည်။ ယင်းသို့ ကျင်းပရာတွင် တက္ကသိုလ် အမျိုးသမီး ဘောလုံးအသင်းများ အတွက်လည်း အမျိုးသား အသင်းများနည်းတူ ပြိုင်ပွဲများ အဆင့်ဆင့်ကျင်းပပေးသွားမည် ဖြစ်ကာ နောက်ဆုံးတွင် အထက်မြန်မာပြည် ၂ သင်းနှင့် အောက်မြန်မာပြည် ၂ သင်း ယှဉ်ပြိုင် ဗိုလ်လုကြရမည် ဖြစ်သည်။

MPT မှ စတင်တာဝန်ယူ ပံ့ပိုးမည့် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဇုံအလိုက် ပွဲများကို လာမည့် မေလ သို့မဟုတ် ဇွန်လများတွင် ကျင်းပရန် လျာထားပြီး မြန်မာပြည် ချန်ပီယံလုပွဲ အဆင့် ပွဲများကိုမူ သြဂုတ်လအတွင်း ကျင်းပရန် လျာထားသည်။

ဖွင့်ပွဲအခမ်းအနားကို လာမည့် ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အဆိုပါ အခမ်းအနား အပြီးတွင် တက္ကသိုလ် လက်ရွေးစင် အသင်းနှင့် MFF Youth အသင်းတို့၏ ခြေစမ်းပွဲကို ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။