အီစိုး၏ သွင်းဂိုးတစ်ဂိုးတည်းဖြင့် ရှမ်းယူနိုက်တက်အသင်းအား ရန်ကုန် အသင်း အနိုင်ယူ

February 23, 2018

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-7) ပွဲစဉ်တစ်ပွဲ အဖြစ် ဖေဖော်ဝါရီ ၂၃ ရက်(ယနေ့) ညနေ ၃း၃၀ က YUSC ကွင်းတွင် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက အီစိုး၏ သွင်းဂိုးတစ်ဂိုးတည်းဖြင့် ဧည့်သည်အသင်းကို အနိုင်ရခဲ့သည်။

ပထမပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးရရှိရန် ရှမ်းယူနိုက်တက်အသင်းဘက် သို့ တိုက်စစ်ဆင်ခဲ့သလို ရှမ်းယူနိုက်တက်အသင်းသည်လည်း ဘောလုံးရရှိသည့်နှင့်တစ်ပြိုင်နက် တစ်သင်းလုံးနီးပါး ရှေ့သို့တက်ကာ ပြန်လည်ဖိအားပေးခဲ့သည်။ ပွဲချိန် ၂၁ မိနစ်တွင် ရန်ကုန်ယူနိုက် တက်အသင်းက ဦးဆောင်ဂိုးစတင်ရခဲ့ပြီး တိုက်စစ်မှူးအီစိုးက အဝေးကန်ချက်ဖြင့် သွင်းယူပေးခဲ့ ခြင်းဖြစ်သည်။ ပွဲချိန် ၂၇ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ကစားသမား မင်းကျော် ခန့်အနေဖြင့် ကစားပုံကြမ်းခဲ့သည့်အတွက် ကွင်းလယ်ဒိုင်လူကြီးမှ တိုက်ရိုက်အနီကတ် ဖြင့် ထုတ်ခဲ့သည်။ ပထမပိုင်းအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဧည့်သည်အသင်းကို ၁-၀ ဂိုး ဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ရာတွင် တစ်ယောက်အသာစီးရနေသည့် ရှမ်းအသင်းက ချေပဂိုး ရရှိရန် တရစပ်ဖိအားပေးတိုက်စစ်ဆင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် တိုက်စစ်ဖိကစားသော် လည်း ထင်သလောက် ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု မရှိခဲ့ဘဲ ရန်ကုန်ယူနိုက်တက်အသင်းက တန်ပြန် တိုက်စစ်များဖြင့် ဂိုးပေါက် ခြိမ်းခြောက်မှုများ ပြန်လည်ရခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် တစ်ယောက်လျော့ဖြင့် ပွဲပြီးဆုံးသည်အထိ ဧည့်သည်ရှမ်းယူနိုက်တက်အသင်းကို အကောင်းဆုံး ဟန့်တားကစားသွားနိုင်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ရှမ်းယူနိုက်တက်အသင်းကို အနိုင်ရခဲ့သည့်အတွက် ရမှတ် ၁၉ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁ နေရာတွင် ဆက်လက် ရပ်တည်သွားခဲ့သည်။