ဂျီအက်ဖ်အေကို ဂိုးပြတ်အနိုင်ယူပြီး ဝေသာလီမြေတွင် ရခိုင်ယူနိုက်တက်အသင်းသားတို့ အောင်ပွဲခံ

February 24, 2018

ယနေ့ညနေပိုင်းက MPT Myanmar National League 2018 ပွဲစဉ်(၇) ပွဲစဉ်တစ်ပွဲအဖြစ် စစ်တွေမြို့ ဝေသာလီကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ရခိုင်ယူနိုက်တက်အသင်းနှင့် ဂျီအက်ဖ်အေ အသင်းတို့ ပွဲစဉ်တွင် အိမ်ရှင်အသင်းက သုံးဂိုးပြတ်အနိုင်ရရှိကာ ရာသီသစ် အိမ်ကွင်းပွဲစဉ်ကို နိုင်ပွဲနှင့် စတင်တာထွက်နိုင်ခဲ့သည်။

ယင်းပွဲစဉ် ပထမပိုင်းတွင် ဧည့်သည် ဂျီအက်ဖ်အေ အသင်းက အကောင်းဆုံးပုံစံဖြင့် ရခိုင်နောက်တန်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် အချို့ဖန်တီးနိုင်ခဲ့သည်။ အထူးသဖြင့် ဂျီအက်ဖ်အေအသင်းက အီမန်နျူရယ်၊ ဇော်လင်း၊ အယ်ဖာကော့စခါ တို့၏ တိုက်စစ်တွဲလုံးများက ကလစ်ဖို့ဒ် ဦးဆောင်သော ရခိုင်နောက်တန်းကို အလုပ်ရှုပ်စေခဲ့သည်။ သို့သော် ပထမပိုင်းတွင် နှစ်သင်းစလုံး အခွင့်အရေး နှစ်ကြိမ်ခန့် ရရှိခဲ့သော်လည်း အဆုံးသတ် အားနည်းမှုကြောင့် ဂိုးမရှိသရေ ရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် ရခိုင်ယူနိုက်တက်အသင်းက တိုက်စစ်မြှင့် ကစားလာခဲ့ပြီး ဦးဆောင်ဂိုးများ ဆက်တိုက်ဆိုသလို ရရှိခဲ့သည်။
ရခိုင်အသင်းအတွက် ဦးဆောင်ဂိုးကို ပထမပိုင်းတွင် ခြေစွမ်းပြနိုင်ရန် အနည်းငယ် ရုန်းကန်နေခဲ့ရသည့် တိုက်စစ်မှူး ဆန်းဒေးက ၄၉ မိနစ်၌ သွင်းယူပေးခဲ့သည်။ ထို့နောက် အိမ်ရှင်အသင်းကပင် ဆက်တိုက်ဆိုသလို ဖိအားပေး တိုက်စစ်ဆင်ခဲ့ပြီး တိုက်စစ်မှူး စည်သူသန်းစိုးက ၆၃ မိနစ်၌ ဒုတိယ ဦးဆောင်ဂိုး ရယူပေးခဲ့သည်။ ဆက်လက်ပြီး အိမ်ရှင်အသင်းအတွက် ပွဲသိမ်းအနိုင်ဂိုးကို တိုက်စစ်မှူး ဆန်းဒေးမက်သရူးက ၉၀+၃ မိနစ်တွင် ပင်နယ်တီမှ တစ်ဆင့် ရယူပေးခဲ့ခြင်းဖြစ်သည်။

ယင်းမှာ တိုက်စစ်မှူး ဆန်းဒေး အတွက် ယခုနှစ်ရာသီ ၅ ဂိုးမြောက်သွင်းဂိုးလည်း ဖြစ်လာခဲ့ပြီး MPT Myanmar National League 2018 ရာသီအတွက် ရာပြည့်ဂိုးသွင်းယူနိုင်ခဲ့သည့် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

ရခိုင်အသင်းမှာ ယခုပွဲအနိုင်ရလဒ်ကြောင့် ဖိအားလျော့သွားခဲ့ရပြီး ဟံသာဝတီအသင်းနှင့် ပွဲစဉ်အတွက်ပါ ယုံကြည်မှု ရရှိသွားစေခဲ့သည်။ ဂျီအက်ဖ်အေအသင်းမှာမူ လေးပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းလည်းဖြစ်သည်။

ရခိုင်ယူနိုက်တက် ၃-၀ ဂျီအက်ဖ်အေ ပွဲစဉ်မှ ပုံရိပ်များ။
Photo- ကိုဇေ (MFF)