ရခိုင်ယူနိုက်တက်နှင့် ဂျီအက်ဖ်အေ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်သို့ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် တက်ရောက်အားပေး

February 24, 2018

အနှောက်အယှက်တစ်စုံတစ်ရာ မရှိဘဲ ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးဆုံးခဲ့
————————————————-

စစ်တွေမြို့၊ ဝေသာလီကွင်း၌ ယနေ့ညနေပိုင်းက ကျင်းပခဲ့သော ရခိုင်ယူနိုက်တက်-ဂျီအက်ဖ်အေ ပွဲစဉ်ကို အခက်အခဲ အနှောက်အယှက်တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ထိုပွဲစဉ်သို့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်လည်း တက်ရောက်အားပေးကြည့်ရှုခဲ့သည်။

အိမ်ရှင်ရခိုင်ယူနိုက်တက်အသင်းက သုံးဂိုးပြတ် အနိုင်ရရှိခဲ့သော ယင်းပွဲစဉ်သို့ ဗိုလ်မှူးကြီး ဖုန်းတင့်အပြင် ပို့ ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်လွင်၊ ရခိုင်ပြည်နယ် ရဲမှူးကြီး မင်းဇော်ဦး၊ ရခိုင်ယူနိုက်တက် အသင်းပိုင်ရှင် ဦးဇော်မင်းသိန်းနှင့် နှစ်ဖက်အသင်း ပရိသတ်များ တက်ရောက်အားပေးခဲ့သည်ကို တွေ့ရသည်။

ယခုပွဲစဉ်မတိုင်မီ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ နေရာအချို့၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ ပြိုင်ပွဲအား လုံခြုံရေး အင်အားတိုးမြှင့်ချထားကာ ကျင်းပခဲ့သည်။ ထို့ကြောင့် ရခိုင်ယူနိုက်တက်-ဂျီအက်ဖ်အေ ပွဲစဉ်အား မူလသတ်မှတ်ထားသည့် အစီအစဉ်အတိုင်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်း ပရိသတ်များနှင့် ဧည့်သည်ဂျီအက်ဖ်အေ အသင်းပရိသတ်များ အေးချမ်းစွာ အားပေးကြည့်ရှုနိုင်ခဲ့သည်။
ယနေ့ပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၄၉၊ ၉၀+၃ မိနစ်များတွင် တိုက်စစ်မှူး ဆန်းဒေးမက်သရူးကလည်းကောင်း၊ တိုက်စစ်မှူး စည်သူသန်းစိုးမှလည်းကောင်း သွင်းယူပေးခဲ့သည်။

ထို့ပြင် ရခိုင်ယူနိုက်တက်အသင်း တိုက်စစ်မှူး ဆန်းဒေးမှာ ယနေ့ပွဲစဉ်တွင် MPT Myanmar National League 2018 ရာသီအတွက် ရာပြည့်ဂိုးသွင်းယူနိုင်ခဲ့သည့် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။