ယနေ့ ယှဉ်ပြိုင်ကစားခဲ့ကြသည့် မကွေး အသင်းနှင့် ဧရာဝတီ ယူနိုက်တက် အသင်းတို့၏ MPT Myanmar National League 2018 ပွဲစဉ် (၇) ပွဲစဉ်တွင် နှစ်သင်းစလုံး အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြပြီး ပွဲအပြီးတွင် မကွေးအသင်းက အနိုင်ရရှိခဲ့သည်။ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြသည့် အဆိုပါ ပွဲစဉ်တွင် ဒုတိယပိုင်း၌ သွင်းယူခဲ့ကြသည့် အပြန်အလှန် သွင်းဂိုးများကြောင့် မကွေးအသင်းက ဧရာဝတီ ယူနိုက်တက်ကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
မကွေးအသင်းတွင် ပုံမှန်အသုံးပြုနေကြ ကွင်းလယ်အတွဲ ဖြစ်သည့် မြတ်ထွန်းသစ်နှင့် သီဟတို့ အတွဲ ပါဝင်လာခြင်း မရှိသော်လည်း ယနေ့ပွဲတွင် ပါဝင်လာခဲ့သည့် စွမ်းထက်အောင်နှင့် ဇေယျာနိုင်တို့ အတွဲက ခြေစွမ်းပြနိုင်ခဲ့သောကြောင့် မကွေးအသင်း အနေဖြင့် ယခင်ပွဲများအတိုင်း ခြေစွမ်းကောင်းကို ဆက်လက် ပြသနိုင်ခဲ့သည်။ ဧရာဝတီတွင်လည်း နာမည်ကြီး ကစားသမားများ ဖြစ်သည့် နိုင်လင်းထွန်း၊ မင်းမင်းသူ၊ သီဟဇော်၊ ဖြိုးကိုကိုသိန်းတို့ ပြန်လည် ပါဝင်လာခဲ့ရာ အကြိတ်အနယ် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။ ပထမပိုင်းတွင် တစ်သင်းနှင့် တစ်သင်း အပြန်အလှန် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့သော်လည်း ဒုတိယပိုင်းတွင်မူ မကွေးအသင်းက ဦးဆောင်ဂိုးများ စတင် သွင်းယူနိုင်ခဲ့သည်။ မကွေးအသင်း အတွက် ပထမ ဦးဆောင်ဂိုးကို ပွဲချိန် ၅၄ မိနစ်တွင် အောင်မြင့်ထွန်းက သွင်းယူပေးခဲ့ပြီး ပွဲချိန် မိနစ် ၆၀ အရောက်တွင် ပင်နယ်တီမှ တဆင့် စိုးလွင်လွင်က မကွေးအတွက် ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံ ရယူပေးခဲ့သည်။ ယင်းနောက်တွင် ဧရာဝတီ ယူနိုက်တက် အနေဖြင့် ချေပဂိုး ပြန်လည် ရရှိရေး အသည်းအသန် ကြိုးပမ်းခဲ့ရာ ပွဲချိန် ၇၅ မိနစ် အရောက်တွင်မူ ဧရိယာ အပြင်ဘက်မှ ကွင်းလယ်တိုက်စစ် ကစားသမား ကက်ဆီယို၏ အမှတ်မထင် ကန်သွင်းမှုမှ ချေပဂိုး တစ်ဂိုး ပြန်လည် ရရှိခဲ့သည်။ လက်ကျန် မိနစ်များတွင် ဧရာဝတီ ယူနိုက်တက် အနေဖြင့် ချေပဂိုးတစ်ဂိုး ပြန်လည် ရရှိရေးအတွက် အစွမ်းကုန် အားထုတ် ကစားခဲ့သော်လည်း ဂိုးထပ်မံ သွင်းယူနိုင်ခြင်း မရှိသောကြောင့် ပွဲအပြီးတွင် မကွေးအသင်းကို အရှုံးပေးခဲ့ရသည်။
ယနေ့ ပွဲအနိုင်ရခဲ့ခြင်းကြောင့် မကွေးအသင်း အနေဖြင့် တနင်္ဂနွေနေ့ ပွဲများမတိုင်မီတွင် အမှတ်ပေးဇယား ဒုတိယနေရာထိ တက်လှမ်းလာနိုင်ခဲ့ပြီး တနင်္ဂနွေ ပွဲများတွင် ရတနာပုံ အသင်း အနိုင်ရပါက အမှတ်ပေးဇယား တတိယနေရာတွင် ရပ်တည်နိုင်မည် ဖြစ်သည်။