ကလပ်လိုင်စင် ကိစ္စရပ်များနှင့် ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်ရန် အတွက် အာရှဘောလုံးအဖွဲ့ချုပ် AFC မှ စေလွှတ်လိုက်သည့် ကိုယ်စားလှယ်များ ပါဝင်သည့် AFC Club Licensing Spot Check Delegation အဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့သို့ ဆိုက်ရောက်လာခဲ့ပြီး ယင်းနေ့ မွန်းလွဲပိုင်းတွင် မြန်မာ နေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ချန်ပီယံ ရှမ်းယူနိုက်တက် အသင်းအား သွားရောက် စစ်ဆေးမှု ပြုလုပ်ခဲ့သည်။
Mr. Marcel နှင့် Mr. Joren တို့ပါဝင်သည့် AFC Club Licensing Spot Check Delegation အဖွဲ့နှင့်အတူ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ Club Licensing နှင့် ပတ်သက်သည့် ပဏာမ စိစစ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်အောင်(ဂိုး)နှင့် အဖွဲ့ဝင် ဦးဇော်မင်းစိန်၊ ဦးမြင့်ဦးနှင့် မြန်မာနေရှင်နယ်လိဂ် ကလပ်လိုင်စင် မန်နေဂျာ ဦးမိုးသွင်းထွန်းတို့ လိုက်ပါလျှက် ဖေဖော်ဝါရီ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ပုလဲမြို့သစ်ရှိ ရှမ်းယူနိုက်တက် အသင်း ရုံးခန်းသို့ သွားရောက်က ကလပ်လိုင်စင်နှင့် ပတ်သက်၍ ဖြည့်ဆည်းထားမှုများ၊ ဘဏ္ဏာရေး အခြေအနေ စသည်တို့ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး ရှမ်းယူနိုက်တက် အသင်း တာဝန်ရှိသူများကလည်း ပြန်လည် ရှင်းလင်းခဲ့ကြသည်။ ယင်းနောက်တွင် အဆိုပါ စစ်ဆေးရေး အဖွဲ့သည် ရှမ်းယူနိုက်တက် အသင်း၏ လေ့ကျင့်ရေးကွင်းနှင့် ကစားသမား အဆောင် အစရှိသည့် အခြေခံအဆောက်အဦ ဖြည့်ဆည်းထားမှုများကို ဆက်လက် ကြည့်ရှု ခဲ့ကြသည်။