MPT University Football Tournament 2018 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပ

February 25, 2018

MPT University Football Tournament 2018 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်(ယနေ့) မွန်းလွဲ ၂း၃၀ ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြက်ခင်းတုကွင်း၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာတင်မောင်လှ၊ MPT Joint Operation မှ COO Mr.Yoshiaki Benino၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်၊ မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနား အစီစဉ်အရ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ယနေ့ ဖွင့်ပွဲအခမ်းအနားသို့ ကြွ ရောက်ပေးပါသော လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ပါမောက္ခချုပ် ဒေါက်တာတင်မောင်လှ၊ MPT မှ Mr.Yoshiaki Benino နှင့် ပရိသတ်များအား နှုတ်ခွန်းဆက်သပါကြောင်း၊ ၂၀၁၈ အာဆီယံတက္ကသိုလ်အား ကစားပြိုင်ပွဲကို မြန်မာ နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲအတွက် MPT ၏ ပံ့ပိုးကူညီပေးမှုသည် အားအင်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများတွင် တက္ကသိုလ်လက်ရွေးစင်ဘောလုံး ကစားသမားများ ပါဝင်ခဲ့သည့် အစဉ်အလာကောင်းများစွာ ရှိပါကြောင်း၊ ပြိုင်ပွဲဖြစ်မြောက်ရန် ကူညီပေးသည့် MPT မှ ၀န်ထမ်းများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ၀န်ထမ်းများအားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း၊ လက်ရှိတွင် မြို့နယ်အသီးသီး၌ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းလုပ်ဆောင်နေပြီဖြစ်သလို မြန်မာ့ ဘောလုံး ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

အစီစဉ်အရ ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်လှမှ အမှာစကားပြောကြားခဲ့ပြီး မိမိအနေဖြင့် ပညာရေးဌာန ကိုယ်စား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်းဖြစ်ပါကြောင်း၊ မိမိသည် တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်း၏ ဥက္ကဋ္ဌ တစ်ဦးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဘောလုံးပြိုင်ပွဲများ ကျင်းပ ပေးသည့်မြန်မာ ဘောလုံးအဖွဲ့ချုပ်နှင့် MPT တို့အား ကျေးဇူးတင်ရှိပါကြောင်း၊ တက္ကသိုလ်ဘောလုံးလောက တိုးတက်ဖို့ များစွာပံ့ပိုးကူညီပေးသည့် MPT အား အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားအစီစဉ်အရ MPT Joint Operation COO Mr.Yoshiaki Benino မှ အမှာစကားပြောကြားခဲ့သည်။ COO Mr.Yoshiaki Benino က ဘောလုံးဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးမှုသည် အထူးပင် အရေးကြီးပါကြောင်း၊ ဘောလုံးသည် မြန်မာပြည်သူများ၏ အနာဂတ်ပင်ဖြစ်ပါကြောင်း၊ လက်ရှိ ဥက္ကဋ္ဌ ဦးဇော်ဇော် ဘောလုံးအဖွဲ့ချုပ်အား ကိုင်တွယ်သည့်နောက်တွင် ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ အလားတူ မြန်မာနိုင်ငံ၏ စီးပွားရေးသည်လည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာကြောင်း၊ မိမိအား မိတ်ဆွေတစ်ဦးမှ MPT အနေဖြင့် အဘယ်ကြောင့် ဘောလုံးကို  ပံပိုး ပေးရသလဲဟု မေးခံရဖူးပါကြောင်း၊ မိမိ၏ အဖြေမှာ အနာဂတ်မြန်မာ့လက်ရွေးစင်အသင်းအတွက် အထောက်ပံ့ပြုဖို့ ရည်ရွယ်ပါ ကြောင်း၊ တက္ကသိုလ်ဘောလုံးအသင်းများ၏ အဆင့်အတန်း မမြင့်မားပါက လက်ရွေးစင် ဘောလုံးအသင်းလည်း အဆင့်အတန်း မြင့်မည်မဟုတ်သလို သက်တမ်းလိုက် လက်ရွေးစင်အသင်းများ၏ ဘောလုံးအဆင့်အတန်း မတိုးတက်ပါက လက်ရွေးစင်အသင်းကြီး၏ ဘောလုံးအဆင့်အတန်းလည်း တိုးတက်မည် မဟုတ်ပါကြောင်း၊ ယနေ့ ခြေစမ်းကစားကြမည့် တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းနှင့် အသက် ၁၅ နှစ် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများသည် အနာဂတ်လက်ရွေးစင်သင်းအတွက် များစွာ အရေးကြီးသည့်အသင်းများဖြစ်ပါကြောင်း၊ ထို့ကဲ့သို့ အရေးကြီးသည့်အသင်းများကို လာရောက်အားပေးကြ သည့်ပရိသတ်များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားအစီစဉ်အရ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ပါမောက္ခချုပ်ဒေါက်တာတင်မောင်လှ၊ MPT Joint Operation မှ COO Mr.Yoshiaki Benino တို့မှ ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ကာ အောင်မြင်စွာ ကျင်းပ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဖွင့်ပွဲအထိမ်းအမှတ်ဖြင့် တက္ကသိုလ် လက်ရွေးစင်ဘောလုံးအသင်းနှင့် MFF Youth အသင်းတို့မှ ချစ်ကြည်ရေး ခြေစမ်းကစားခဲ့ကြသည်။