မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ အနက် ယမန်နှစ် ၂၀၁၇ ခုနှစ် အတွင်းက AFC Club Licensing Criteria များကိုဖြည့်ဆည်း ဆောင်ရွက်ခဲ့သည့် MNL 1 ကလပ်အသင်းများအနက် ပြီးခဲ့သော နှစ်များ အတွင်း AFC Club ပြိုင်ပွဲများဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့သော ရှမ်းယူနိုက်တက်၊ ရန်ကုန် ယူနိုက်တက်နှင့် ရတနာပုံ အသင်းများအား AFC Club Licensing Spot Check Delegation အဖွဲ့က ယခုလ ၂၄ ရက်မှ ၂၆ ရက်နေ့ထိ လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စစ်ဆေးမှု ရလဒ်များအပေါ် အားရကျေနပ်မိကြောင်း မှတ်ချက်ပြု ပြောကြားသွားခဲ့သည်။
ဂျာမနီနိုင်ငံသားမစ္စတာမာဆယ် (ဂျာမနီယူ၂၁ လက်ရွေးစင်ကစားသမားဟောင်း၊ UEFA A License Coach လက်မှတ်ကိုင်ဆောင်ထားသူ၊ Pro Football Inspection Managing Director) နှင့် မစ္စတာဂျိုဟန် ( MBA- Finance Management & Sports Auditing Expert) တို့နှစ်ဦးပါဝင်သော AFC စစ်ဆေးရေကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်နှင့်မန္တလေးမြို့ကြီးများ၌ အဆိုပါကလပ်အသင်များကို သွားရောက်စစ်ဆေးခဲ့ပြီးနောက် ယင်းကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အဖွဲ့သည် ရန်ကုန်မြို့သို့ ၂၄.၂.၂၀၁၈ ရက်နေ့တွင် ရောက်ရှိပြီး မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ Club Licensing FIB ဥက္ကဋ္ဌ ဦးတင်အောင်(GK)နှင့် အဖွဲ့ဝင် ဦးဇော်မင်းစိန် (ဗဟိုတရားရုံးချုပ်ရှေ့နေကြီး).နှင့် ဦးမြင့်ဦး(Finance and Auditing Expert)၊ MA Club Licensing Manager ဦးမိုးသွင်ထွန်းတို့ လိုက်ပါပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရှမ်းယူနိုက်တက် အသင်းအား စတင်စစ်ဆေးခဲ့ကာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန် ယူနိုက်တက် အသင်း၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် မန္တလေးမြို့၌ ရတနာပုံအသင်း များအား သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် သက်ဆိုင်အသင်းတာဝန်ရှိ အကြီးအကဲများနှင့် တွေ့ဆုံ၍ လက်ရှိ ဘဏ္ဍာရေး စာရင်းများ၊ Sponsorship ရရှိမှု အခြေအနေများ၊ အသင်း၏ အသုံးအဆောင် ပစ္စည်းများမှ ဝင်ငွေရရှိမှု၊ ကစားသမား ဝယ်ယူငှားရမ်း ရောင်းချမှု၊ လစာကြွေးကျန် ကင်းရှင်းမှု၊ အသင်း၏ဘဏ္ဍာရေး တောင့်တင်းမှု၊ နည်းပြအဖွဲ့ဝင်များ၏ အရည်အချင်းများ၊ အသင်း စီမံခန့်ခွဲမှုများ၊ လူငယ် လေ့ကျင့်ပျိုးထောင်ရေး စီမံကိန်းထားရှိမှု အခြေအနေများ၊ ကစားသမား များ၏ ကျန်းမာရေး အခြေအနေ စစ်ဆေးမှုများ၊ လေ့ကျင့်ရေးကွင်း အခြေအနေ၊ ရုံးအဆောက်အဦ အခြေအနေများ၊ အသင်း အားပေးသူ ပရိတ်သတ် အခြေအနေများ ကို အသေးစိပ် လူတွေ့ စစ်ဆေး မေးမြန်းမှုများ ပြုလုပ် ခဲ့ပြီးနောက် ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။
AFC စစ်ဆေးရေး ကိုယ်စားလှယ် အဖွဲ့က စစ်ဆေးမှု့အများစုကို အားရ ကျေနပ်ရပါကြောင်း၊ အသင်းလိုက် Brief presentation များမှာလည်း ပြည့်စုံကောင်းမွန် ပါကြောင်း၊ အထောက်အထား စာရွက်စာတမ်းများ၊ အင်တာဗျုးများ၊ လေ့ကျင့်ရေးကွင်း နှင့် အိမ်ကွင်း အခြေအနေများကို ပြည့်စုံစွာ တင်ပြပေးနိုင်ကြောင်း၊ အချို့သော ကိစ္စရပ်များတွင် လိုအပ်ချက် အနည်းငယ်စီ ရှိနေသေး သော်လည်း အချိန်တခု ယူကာ ဆောင်ရွက်လိုက်ပါက ပြီးမြောက် ပြည့်စုံလာလိမ့်မည်ဟု ယူဆပါကြောင်း၊ MNL နှင့် ကလပ်အသင်း များကို အဓိက တာဝန်ယူ စီမံဆောင်ရွက်နေသော အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် နည်းပြ အဖွဲ့များ၏ စိတ်အားထက်သန်စွာ ဆောင်ရွက်နေမှု၊ ကြိုးစားနေမှု များကိုလည်း အသိအမှတ်ပြု ချီးကျူးပါကြောင်း၊ မိမိတို့ ခရီးစဉ် အတွင်း MFF နှင် MNL ဥက္ကဌ ဦးဇော်ဇော်နှင့် ဒုတိယ ဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်း တို့ကို တွေ့ဆုံခွင့် ရခဲ့သည့် အတွက်လည်း ဝမ်းမြောက် ဂုဏ်ယူမိ ပါကြောင်း၊ မိမိတို့ ခရီးစဉ် အစအဆုံးကို အစစ အဆင်ပြေချောမွေ့ အောင်မြင်မှုရှိစေရန် ဧည့်ဝတ် ပျူငှာစွာ အချိန်ပေး လိုက်ပါစီမံ ဆောင်ရွက် စီစဉ်ပေးခဲ့ပြီး လိုအပ်သည် များကို ပံ့ပိုးကူညီ ပေးခဲ့သော MNL CEO နှင့် Club Licensing Manager တို့အပါအဝင် ကလပ်အသင်း တာဝန်ရှိသူ အားလုံးကိုလည်း အထူး ကျေးဇူးတင်ရှိ ပါကြောင်း၊ ယဉ်ကျေး ပျူငှာသော မြန်မာလူမျိုးများ၊ သာယာလှပသော ရှုခင်းများနှင့် စေတီပုထိုးများကို တွေ့ကြုံဖူးမျှော်ခွင့် ရခဲ့ပြီး အရသာ ရှိသော မြန်မာ အစားအစာ များကိုပါ နောက်တစ်ကြိမ် ထပ်မံထိတွေ့ခွင့် ရစေရန် ဆုတောင်းပါကြောင်း၊ မိမိတို့ အဖွဲ့ ယခုကဲ့သို့ လာရောက် စစ်ဆေး အမြင်ချင်း ဖလှယ်မှုများက မြန်မာလိဂ်နဲ့ မြန်မာ့ဘောလုံး တိုးတက်ရေး အတွက် တစ်စုံတစ်ရာ အထောက်အကူ ဖြစ်မည်ဟု ယုံကြည် မျှော်လင့် ပါကြောင်း ပြောကြားသွားခဲ့သည်။
အဆိုပါ AFC စစ်ဆေးရေးကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပခဲ့သော ရန်ကုန် ယူနိုက်တက် နှင့် ဗီယက်နမ်ကလပ် သန်ဟွာ တို့ ယှဉ်ပြိုင် ကစားသည့် 2018 AFC Cup အုပ်စု ပွဲစဉ်ကိုလည်း တက်ရောက် ကြည့်ရှု အားပေးခဲ့ပြီး ညပိုင်းတွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ သွားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် အသင်းများ၏ AFC Club Licensing Criteria များ ဖြည့်ဆည်း ဆောင်ရွက်မှုများနှင့် ပါတ်သက်၍ AFC အနေနှင့် နောက်ထပ်လည်း အလားတူ လာရောက် စစ်ဆေးမှုများ ပြုလုပ်ရန် အစီအစဉ် ရှိကြောင်း သိရသည်။