စိတ်လှုပ်ရှားဖွယ် ပွဲကောင်းများနဲ့ MPT Myanmar National League 2018 ပွဲစဉ် (၈) ပွဲစဉ်များ
ကျင်းပလျှက်ရှိတဲ့ MPT Myanmar National League 2018 အမှတ်ပေးဘောလုံး ပြိုင်ပွဲရဲ့ ပွဲစဉ် (၈)ကို လာမယ့် စနေ၊ တနင်္ဂနွေနေ့တွေမှာ ဆက်လက် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ အမှတ်ပေးဇယား တတိယနေရာက မကွေးအသင်းနဲ့ အမှတ်ပေးဇယားထိပ်ဆုံးက ဒီရာသီ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်တဲ့ ရန်ကုန်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု အပြင် အခြား စိတ်လှုပ်ရှားစရာ ပွဲစဉ်တွေလည်း ပါဝင်နေပါတယ်။
ဒီတစ်ပတ် ပွဲစဉ်တွေထဲက ဂျီအက်ဖ်အေနဲ့ ရှမ်းယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်ကိုတော့ ရှမ်းယူနိုက်တက် အသင်းက အာရှပြိုင်ပွဲတွေ ကစားပြီး ကြားထဲမှာ နားချိန်နည်းပါတာကြောင့် ရွှေ့ဆိုင်းပေးဖို့ မေတ္တာရပ်ခံခဲ့တဲ့ အတွက် မေလ ၂ ရက်ကို ရွှေ့ပြောင်းပေးလိုက်တဲ့ အတွက် ခုတစ်ပတ်မှာ ယှဉ်ပြိုင်ကစားကြတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ပုသိမ်မြို့မှာ ကျင်းပမယ့် ဧရာဝတီ ယူနိုက်တက် အသင်းနဲ့ မြဝတီ အသင်းတို့ရဲ့ ပွဲကိုလည်း မြဝတီအသင်းနဲ့ အိန္ဒိယတပ်မတော် အသင်းတို့ရဲ့ ခြေစမ်းပွဲကြောင့် မတ်လ ၇ ရက်ကို နောက်ဆုတ် ကျင်းပသွားမှာ ဖြစ်ပါတယ်။
မကွေး – ရန်ကုန်ယူနိုက်တက်
မတ် ၃၊ ညနေ ၄း၀၀ နာရီ၊ သုဝဏ္ဏကွင်း၊ ရန်ကုန်
Live on MRTV and For Sports
ဒီတစ်ပတ်ရဲ့ အကောင်းဆုံးနဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲလို့ ဆိုနိုင်ပါတယ်။ အမှတ်ပေးဇယားကို ရှုံးပွဲမရှိ ဦးဆောင်နေတဲ့ ရန်ကုန်ယူနိုက်တက်နဲ့ လူငယ်တွေအားနဲ့ ခြေစွမ်းပြကာ အသင်းကြီးတွေကို အနိုင်ကစားပြီး အမှတ်ပေးဇယား ထိပ်ပိုင်းကို တရွေ့ရွေ့ တက်လာနေတဲ့ မကွေးအသင်းတို့ ထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ရန်ကုန်ယူနိုက်တက်က ခြေစွမ်းပိုင်းရော စိတ်ဓာတ်ပိုင်းပါ အကောင်းဆုံး ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် အနိုင်ရထားပြီး နောက်ဆုံးကစားထားတဲ့ AFC Cup ပွဲမှာလည်း ဗီယက်နမ်ကလပ် သန်ဟွာကို နောက်က လိုက်ကစားပြီး အနိုင်ရထားပါတယ်။ မကွေးကလည်း နောက်ဆုံးကစားထားတဲ့ ၅ ပွဲမှာ ၄ ပွဲထိ အနိုင်ရကာ တစ်ပွဲ သရေကျထားပြီး အနိုင်ရခဲ့တဲ့ အထဲမှာ ရတနာပုံနဲ့ ဧရာဝတီ ယူနိုက်တက်လို အသင်းကြီးတွေ ပါဝင်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဧရာဝတီ ယူနိုက်တက်နဲ့ ပွဲမှာခြေစွမ်းပိုင်း အကောင်းဆုံး မဟုတ်ခဲ့ပေမယ့် လူငယ်တွေရဲ့ အားနဲ့အတူ လျှင်မြန်တဲ့ ကစားပုံက အဆင့်တစ်ခု ရှိနေတယ် ဆိုတာကို ပြသနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။
ဒီနှစ်သင်းရဲ့ နောက်ဆုံး ၃ နှစ် အမှတ်ပေးပြိုင်ပွဲ တွေ့ဆုံမှု ၆ ကြိမ်မှာတော့ ၃ ကြိမ်စီ အနိုင်ရထားတဲ့ အတွက် အသာစီး ရတဲ့ အသင်းမရှိဘူးလို့ပဲ ဆိုရမှာပါ။ ဒီခြောက်ကြိမ်မှာ သရေပွဲ တစ်ကြိမ်မှ မရှိတဲ့ အတွက် ဒီနှစ်သင်း တွေ့လိုက်တိုင်း အနိုင်အရှုံး ပြတ်သားလေ့ ရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ် သုဝဏ္ဏကွင်းမှာ ထိပ်တိုက်တွေ့ကြတဲ့အခါ ဘယ်အသင်းက အသာစီး ရသွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းလွန်းနေပါတယ်။ ဒီပွဲကို For Sports ရုပ်သံလိုင်းနဲ့ MRTV ရုပ်သံလိုင်းတွေကနေ ပြသသွားမှာ ဖြစ်ပါတယ်။
ဆောက်သမ်းမြန်မာ – ရတနာပုံ
မတ် ၃၊ ညနေ ၃း၃၀၊ ကျောင်းသားကွင်း၊ မော်လမြိုင်
Facebook Live Stream on MNL Web TV Page
အိမ်ကွင်းမှာ လေးပွဲကစားပြီး ရမှတ် ၇ မှတ် ရထားတဲ့အတွက် ဆောက်သမ်းမြန်မာကို အိမ်ကွင်းမာကျောတဲ့ အသင်းလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ အိမ်ကွင်းက ၁ ပွဲပဲ အနိုင်ရပြီး အပြင်ထွက်တိုင်း ရှုံးထားတဲ့ ဆောက်သမ်းရဲ့ ခြေစွမ်းကတော့ သာမာန်အဆင့်မှာပဲ ရှိပါတယ်။ ရတနာပုံရဲ့ ခြေစွမ်းပိုင်း ကတော့ ဒီနှစ်မှာ အတော်လေး အတက်အကျ ကြမ်းတယ်လို့ ဆိုနိုင်ပါတယ်။ ပြည်တွင်းလူငယ် ကစားသမားတွေကို အားပြုတာချင်း တုပေမယ့် ခြေစွမ်းပိုင်းက မကွေးလောက် တည်ငြိမ်မှု မရှိပါဘူး။ ရာသီအစပိုင်းမှာဧရာဝတီကို ခြေစွမ်းပြ အနိုင်ရခဲ့ပြီး နောက်ပိုင်းပွဲ တွေမှာ နိုင်သင့်တဲ့ အသင်းတွေကို နိုင်ခဲ့တဲ့ ရတနာပုံ အနေနဲ့ ရှမ်းကို သရေကျခဲ့တဲ့အထိ ခြေစွမ်းပိုင်းက ပြောစရာ သိပ်မရှိပေမယ့် မကွေးကို ရှုံးနိမ့်ခဲ့ပြီးနောက် ကစားတဲ့ မြဝတီနဲ့ ပွဲမှာတော့ ခြေစွမ်းပိုင်း အတော်လေး ဆိုးရွားခဲ့တာကို တွေ့ရပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်ရင်တော့ ရတနာပုံက သိသိသာသာ အသာစီး ရနေတာကို တွေ့ရပါတယ်။ နောက်ဆုံးတွေ့တဲ့ ၃ ကြိမ်မှာ ရတနာပုံက ၂ ပွဲထိ နိုင်ထားပါတယ်။ ဒီလိုမျိုး ထိပ်တိုက်တွေ့ဆုံမှုမှာ အသာစီး ရထားပေမယ့် ဆောက်သမ်းမြန်မာ အသင်းရဲ့ အိမ်ကွင်းမှာ တွေ့ခဲ့တဲ့ နောက်ဆုံးပွဲမှာတော့ ဆောက်သမ်းက အနိုင်ရခဲ့တာကြောင့် ဆောက်သမ်းရဲ့ အိမ်ကွင်းမှာတော့ ရတနာပုံ အနေနဲ့ ထင်တိုင်းပေါက်ဖို့ မလွယ်ဘူးလို့ပဲ သုံးသပ်ရမှာပါ။ ဒီပွဲကို MNL Web TV Facebook Page ကနေ တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားမှာပဲ ဖြစ်ပါတယ်။
ရခိုင်ယူနိုက်တက် – ဟံသာဝတီ ယူနိုက်တက်
မတ် ၄၊ ညနေ ၃း၃၀၊ ဝေသာလီကွင်း၊ စစ်တွေ
Facebook Live Stream on Myanmar National League Page
နောက်ထပ် အကြိတ်အနယ် ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။ ခြေစွမ်းမာကျောတဲ့ အသင်းတွေ ဖြစ်တဲ့ ရခိုင်ယူနိုက်တက်နဲ့ ဟံသာဝတီ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့နေတာ ဖြစ်တာကြောင့် ပရိသတ်တွေ အနေနဲ့ ပွဲကောင်းတစ်ပွဲကို ကြည့်ရှုခွင့် ရတော့မှာပါ။ ရခိုင်ယူနိုက်တက်က နောက်ဆုံး ၃ ပွဲဆက် ရလဒ်ဆိုးထားပေမယ့် အိမ်ကွင်းမှာ စတင်ကစားရတဲ့ ပွဲမှာတော့ ဧည့်သည် ဂျီအက်ဖ်အေကို ဂိုးပြတ် အနိုင်ရထားပါတယ်။ ဟံသာဝတီကတော့ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပြီး ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အသင်းဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရတော့ ဟံသာဝတီ အသာရသလို ရှိနေပေမယ့် တစ်ချက်မမေ့သင့်တာက ရခိုင်ယူနိုက်တက် အသင်းရဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်နေတာကိုပါ။ ရခိုင်ယူနိုက်တက်က အိမ်ကွင်းမာကျောတဲ့ အသင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဝေသာလီကွင်းမှာ ကစားခဲ့တဲ့ ပွဲတွေထဲ တစ်ပွဲသာ ရှုံးပွဲကြုံခဲ့ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်မယ် ဆိုရင်တော့ တစ်သင်းနဲ့ တစ်သင်း သိသိသာသာ အသာစီး ရယူနိုင်ခြင်း မရှိခဲ့တာကို တွေ့ရပါတယ်။ နောက်ဆုံးသုံးကြိမ်မှာ တစ်ကြိမ်စီ နိုင်ပြီး တစ်ကြိမ် သရေကျထားတဲ့ အပြင် နှစ်သင်းတွေ့တိုင်းလည်း သွင်းဂိုးနည်းတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီပွဲမှာ အိမ်ရှင်ရခိုင်ယူနိုက်တက်က အနိုင်ရဖို့ အနည်းငယ် အားသာနေပေမယ့် သရေကျသွားဖို့ များနေပြီး နှစ်သင်းပေါင်း သွင်းဂိုးလည်း နည်းဖို့ သေချာနေပါတယ်။ ဒီပွဲကို Myanmar National League Facebook Page ကနေ တိုက်ရိုက် Live Stream ပြသပေးသွားမှာ ဖြစ်ပါတယ်။
ဇွဲကပင် ယူနိုက်တက် – စစ်ကိုင်းယူနိုက်တက်
မတ် ၄၊ ညနေ ၄း၀၀ နာရီ၊ အောင်ဆန်းကွင်း၊ ရန်ကုန်
Live on MRTV and For Sports
ဒီပွဲကို မူလက စစ်ကိုင်းယူနိုက်တက်ရဲ့ မုံရွာက အိမ်ကွင်းမှာ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် မုံရွာကွင်းရဲ့ မြက်ခင်းပြင်အောက်မှာ ရေပိုက်လိုင်းတွေ တပ်ဆင်ဖို့အတွက် ကွင်းကို ပြုပြင်နေတာကြောင့် ရန်ကုန်ကို ပြောင်းရွှေ့ကျင်းပတာ ဖြစ်ပါတယ်။ စစ်ကိုင်းယူနိုက်တက်နဲ့ ဇွဲကပင် ယူနိုက်တက်တို့ ထိပ်တိုက်ပြန်တွေ့မယ့် ဒုတိယအကျော့ ပွဲမှသာ မုံရွာမှာ ပြန်လည် သွားရောက် ကျင်းပမှာ ဖြစ်ပါတယ်။
ခြေစွမ်းပိုင်းကို ချိန်ထိုးကြည့်မယ် ဆိုရင်တော့ လက်ရှိ အနေအထားမှာ စစ်ကိုင်းယူနိုက်တက်က အနည်းငယ်အသာစီး ရနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ မကွေးလို အသင်းကို သရေကစားနိုင်ခဲ့သလို ရှေ့တစ်ပွဲမှာလည်း ရှမ်းယူနိုက်တက်ကို တစ်ချိန်လုံး ခုခံကစားခဲ့ပြီး တစ်ဂိုးတည်းနဲ့ ရှုံးခဲ့ရတာကြောင့် ခြေစွမ်းပိုင်းက အထင်ကြီးစရာပါ။ ဇွဲကပင်ကတော့ ဒီရာသီမှာ ခြေစွမ်းပိုင်း အတော်လေး ကျဆင်းနေတာကို တွေ့ရပြီး နိုင်သင့်တဲ့ ပွဲတွေကိုတောင် အနိုင်ရအောင် မကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် တိုက်စစ်အတွက် အားကိုးပြီး ခေါ်ထားတဲ့ ပေါ်တူဂီ တိုက်စစ်မှူး ပေါ်လိုက အသင်းနဲ့ တွဲဖက်မမိသေးသလို အရင်နှစ်တွေက အသင်းအတွက် အရမ်းကို အားကိုးခဲ့ရတဲ့ ဂျပန် တိုက်စစ်ကစားသမား မက်ဆုမိုတိုကန် ကလည်း ခြေပျက်နေတာကြောင့် ရလဒ်ကောင်းဖို့ အတော်လေးကို ရုန်းကန်နေရတာ ဖြစ်ပါတယ်။
စစ်ကိုင်းယူနိုက်တက် အသင်းက တန်းတက်အသင်းဖြစ်တာကြောင့် တစ်သင်းနဲ့ တစ်သင်း တွေ့ဆုံဖူးချင်း မရှိသေးပါဘူး။ လက်ရှိ အနေအထားမှာတော့ နှစ်သင်းစလုံး နိုင်ပွဲလိုအပ်နေတာ ဖြစ်လို့ ရေကုန်ရေခန်း ကစားလာကြမှာ အသေအချာပါပဲ။ ဒီပွဲကို For Sports နဲ့ MRTV ရုပ်သံလိုင်းတွေကနေ တိုက်ရိုက် ပြသပေးသွားမှာ ဖြစ်ပါတယ်။