ဖေဖော်ဝါရီလအတွက် မြန်မာနေရှင်နယ်လိဂ် ၂ အကောင်းဆုံးဆုများကို ရွိုင်ရယ်သန်လျင်အသင်းနှင့် တောင်ခြင်္သေ့အသင်းတို့မှ ဆွတ်ခူး
===============================
MPT Myanmar National League II 2018 ပြိုင်ပွဲ၏ ဖေဖော်ဝါရီလအတွက် အကောင်းဆုံးနည်းပြနှင့် ကစားသမားဆုများကို ရွိုင်ရယ်သန်လျင်အသင်းနည်းပြချုပ် ဒေါ်အေးအေးမော်နှင့် တောင်ခြင်္သေ့ အသင်းမှ ကစားသမား ကျော်ဇင်ဦးတို့ ဆွတ်ခူး ရရှိခဲ့ကြသည်။
အဆိုပါ အကောင်းဆုံးဆုချီးမြှင့်ခြင်းကို နည်းပြဆုအတွက် ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ရွိုင်ရယ်သန်လျင်အသင်းနှင့် ယူနီဗာစတီပွဲစဉ်မတိုင်မီ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကစားသမားဆုအတွက် ပဒုမ္မာကွင်း၌ တောင်ခြင်္သေ့-ကချင်ယူနိုက်တက် ပွဲစဉ်မတိုင်မီ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
အကောင်းဆုံးနည်းပြဆုရရှိ သော ရွိုင်ရယ်သန်လျင်အသင်းနည်းပြ ဒေါ်အေးအေးမော်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အောင်ဆန်းကွင်း ကွင်းရုံတာဝန်ခံ ဦးလှဝင်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကြီးကြပ် ဦးခင်မောင်သိန်းတို့မှ ပေးအပ်ချီးမြှင့်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုရ တိုက်စစ်မှူး ကျော်ဇင်ဦးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်အကြံပေး ဦးအေးမောင်ကြီးနှင့် မြန်မာနေရှင်နယ်လိဂ် Operation Manager ဦးဝင်းထူးအောင်တို့မှ ပေးအပ်ခဲ့သည်။ .
အကောင်းဆုံးနည်းပြဆုကို နည်းပြချုပ်ကိုယ်စား အသင်းနည်းစနစ်ဒါရိုက်တာ ဦးအေးကြူကြီးမှ လက်ခံရယူခဲ့ခြင်းဖြစ်သည်။
ဒေါ်အေးအေးမော်သည် ရွိုင်ရယ်သန်လျင်(စီးတီးစတားအသင်း)ကို ပွဲစဉ် (၅) အပြီး (တစ်ပွဲလျော့)ဖြင့် နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ ရလဒ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည့် အမျိုးသမီးနည်းပြတစ်ဦးဖြစ်သည်။ ထို့အတူ ကျော်ဇင်ဦးမှာ အသင်းနှင့် အတူ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်သည့်အတွက် ယခုကဲ့သို့ ရွေးချယ်ခံရခြင်းဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ်၏ မိတ်ဖက်ပါတနာဖြစ်သည့် MPT တို့ ပူးပေါင်း ပေးအပ်ခဲ့သည့် အဆိုပါဆုအတွက် ကစားသမားဆုကို ဆုတံဆိပ်နှင့် ငွေကျပ် ၁ သိန်း၊ နည်းပြဆုအတွက် ဆုတံဆိပ်နှင့် ငွေကျပ် ၅ သောင်းတို့ကို ပေးအပ်ခြင်းဖြစ်သည်။