မောရဝတီ၊ ကချင်ယူနိုက်တက်တို့  နိုင်ပွဲကိုယ်စီရရှိ ~ ရွိုင်ရယ်သန်လျင်အသင်း၏ နောက်ကျချေပဂိုးကြောင့် ယူနီဗာစတီအသင်း ပထမဆုံး နိုင်ပွဲနှင့် လွဲချော်

March 3, 2018

မောရဝတီအက်ဖ်စီနှင့် ကချင်ယူနိုက်တက်တို့  နိုင်ပွဲကိုယ်စီရရှိ ~ ရွိုင်ရယ်သန်လျင်အသင်း၏ နောက်ကျချေပဂိုးကြောင့် ယူနီဗာစတီအသင်း ပထမဆုံး နိုင်ပွဲနှင့် လွဲချော်
= = = = = = = = = = = = = = = = = = =
ယနေ့ ကျင်းပခဲ့သော MPT Myanmar National League II 2018 Week 5 ပွဲစဉ်များတွင် မောရဝတီအက်ဖ်စီအသင်းနှင့် ကချင်ယူနိုက်တက်တို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ရွိုင်ရယ်သန်လျင်နှင့် ယူနီဗာစတီ တို့  ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။

စလင်းကွင်း၌ ကျင်းပခဲ့သည့် ငွေကြယ်ပွင့်လေးများနှင့် မောရဝတီအသင်းတို့  ပွဲတွင် မောရ၀တီအသင်းက ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မောရ၀တီအသင်းအတွက် သွင်းဂိုးများကို ၃၈၊ ၄၃ မိနစ်များတွင် ဇင်မင်းသန့်ကလည်းကောင်း၊ ဝေဇင်ထွန်းက ၄၉ မိနစ်တွင်လည်းကောင်း၊ ၀င်းဇော်ဟိန်းက ၇၄ မိနစ်တွင်လည်းကောင်း သွင်းယူပေးခဲ့ကြသည်။ ထို့အတူ ငွေကြယ်ပွင့်လေးများအသင်းအတွက် နောင်နောင်ကျော်က ၆၈ မိနစ်နှင့် နိုင်နိုင်လင်းက ၇၅ မိနစ်တို့တွင် ရယူပေးခဲ့သည်။

ပဒုမ္မာကွင်း၌ ယှဉ်ပြိုင်ခဲ့သော တောင်ခြင်္သေ့အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ ပွဲတွင် ကချင်ယူနိုက်တက်အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး
ကချင်ယူနိုက်အသင်းအတွက် ဂိုးများကို အာရူပီး၊ ကျော်မင်းနိုင်တို့က ၅၁၊ ၇၃ မိနစ်များတွင် သွင်းယူခဲ့ပြီး တောင်ခြသေ့င်္အသင်းအတွက် တစ်လုံးတည်းသောဂိုးကို အောင်မြတ်သူက ၅၇ မိနစ်တွင် ရယူပေးခဲ့သည်။

အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ရွိုင်ရယ်သန်လျင်အသင်းနှင့် ယူနီဗာစတီအသင်းတို့ ပွဲစဉ်၌ ယူနီဗာစတီအသင်းက ပထမပိုင်းတွင် နှစ်ဂိုးပြတ် ဦးဆောင်ခဲ့သော်လည်း ပွဲအပြီးတွင် ၂ ဂိုးစီ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ယူနီဗာစတီအသင်းအတွက် ပွဲအစ ၄ မိနစ်၊ ၁၃ မိနစ်များတွင် ခွန်ဝင်းသူ၊ ပြည့်ဖြိုးကျော်တို့က သွင်းယူခဲ့ပြီး ရွိုင်ရယ်သန်လျင်အသင်းအတွက် စတီဖင်က ၇၁ မိနစ်၊ ဂျော့က ၈၂ မိနစ်တို့တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ယူနီဗာစတီအသင်းမှာ ယနေ့ပွဲစဉ်တွင် ဦးဆောင်ဂိုးများ စတင် သွင်းယူနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ကစားအားကျသွားကာ ရွိုင်ရယ်သန်လျင်အသင်း၏ ဖိအားပေး တိုက်စစ်ဆင်ခြင်းကို တားဆီးနိုင်ခြင်း မရှိသဖြင့် ရာသီသစ် ပထမဆုံးနိုင်ပွဲနှင့် ဝေးကွာခဲ့ရခြင်းဖြစ်သည်။

ပြိုင်ဘက် ရွိုင်ရယ်သန်လျင်အသင်းမှာမူ ယနေ့ပွဲစဉ် သရေပွဲကြုံတွေ့ခဲ့သော်လည်း ရမှတ် ၈ မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်ဆဲဖြစ်သည်။
MPT Myanmar National League II 2018
Week 5 Results
Royal ThanLyin 2-2 University
Silver Stars 2-4 Mawyawadi
Mountain Lion 1-2 Kachin united