ကျင်းပလျှက် ရှိသည့် MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲ၏ ၁၀၀ ပြည့်သွင်းဂိုးအား သွင်းယူနိုင်ခဲ့သည့် ရခိုင်ယူနိုက်တက် အသင်း တိုက်စစ်မှူး ဆန်းဒေးမက်သယူးအား မြန်မာနေရှင်နယ်လိဂ်၏ မိတ်ဖက် MPT မှ အမှတ်တရအဖြစ် ဆုငွေတစ်ရပ်ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ရခိုင်ယူနိုက်တက် အသင်း တိုက်စစ်မှူး ဆန်းဒေးမက်သယူးသည် ပွဲစဉ် ၇ အပြီးတွင် သွင်းဂိုး ၅ ဂိုးသွင်းယူထားနိုင်သည့် ကစားသမား ဖြစ်ပြီး ပြီးခဲ့သည့် ပွဲစဉ် ၇ အိမ်ကွင်း၌ ဂျီအက်ဖ်အေ အသင်းကို သုံးဂိုးပြတ် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ၎င်းသွင်းယူခဲ့သည့် ဒုတိယသွင်းဂိုးမှာ MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲ၏ ၁၀၀ မြောက် သွင်းဂိုး ဖြစ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် မိတ်ဖက် MPT မှ ရာပြည့်ဂိုး အမှတ်တရ အဖြစ် ဆုငွေကျပ် ၃၀၀,၀၀၀ ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါ ဆုငွေကို MPT ၏ ရခိုင်ပြည်နယ် မန်နေဂျာ ဦးဆွေသိန်းက ယနေ့ ကျင်းပခဲ့သည့် ရခိုင်ယူနိုက်တက်နှင့် ဟံသာဝတီ ယူနိုက်တက်တို့၏ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။