ကျောက်တိုင်ကွင်းမှာ အောင်လံလွှင့်ထူမှာ ဧရာဝတီယူနိုက်တက်အသင်းလား…မြ၀တီအက်ဖ်စီအသင်းလား

March 6, 2018

လတ်တလော အသင်းရဲ့ ရလဒ်တွေကြောင့် မြန်မာနေရှင်နယ်လိဂ်မှာ ပုံရိပ်ယောင်တွေ မှေးမှိန်စပြုလာနေတဲ့ ဧရာဝတီယူနိုက်တက်အသင်း…

နိုင်ပွဲတစ်ပွဲအတွက် ရှာပုံတော်ခရီးစဉ် အထမမြောက်သေးတဲ့ မြ၀တီအက်ဖ်စီအသင်းတို့ MPT Myanmar National League 2018 ပွဲစဉ်(၈)မှာ ထိပ်တိုက်တွေ့ဆုံနေပါပြီ..။

ပွဲကျန်မှာ ပွဲခံမယ့် အသင်းကို ရွေးထုတ်ပေးမယ့် ဧရာဝတီယူနိုက်တက်-မြ၀တီအက်ဖ်စီ ပွဲစဉ်က မတ်လ ၇ ရက်၊ ညနေ ၃း၃၀ တိတိ ပုသိမ်မြို့ ကျောက်တိုင်ကွင်းမှာ ယှဉ်ပြိုင်သွားမှာပါ။

ရှုံးထွက်ဘုရင် ပြီးတော့ အမှတ်ပေးပြိုင်ပွဲ ကြီးလေးကြီး စာရင်းဝင် ဆိုသော ဂုဏ်ပုဒ်တွေဟာ ဧရာဝတီအတွက် အတိတ်မှာ ထားခဲ့ရမလိုဖြစ်နေပါပြီ။ အိမ်ကွင်းနိုင်ပွဲမရသေးဘဲ ၄ ပွဲကစား၊ ၃ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ်ကို ရင်ဆိုင်ထားရတာ ခါးသီးစရာ ကောင်းလှပါတယ်။

ဒါ့အပြင် စုစုပေါင်း ၇ ပွဲကစားအပြီး ၁ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲရှုံး ဆိုသော ရလဒ်နဲ့ ဆောက်သမ်းမြန်မာအသင်းရဲ့ အောက် အဆင့် ၉ နေရာမှာ ရပ်တည်နေရတဲ့ လက်ရှိအခြေအနေဟာ ဧရာဝတီအသင်း မျှော်မှန်းထားသော အဆင့်တစ်ခုတော့ မဖြစ်တန်ရာပါဘူး။

တစ်ဖက်မှာလည်း တန်းတက်မြ၀တီအသင်းရဲ့ ပထမဆုံးသော မြန်မာနေရှင်နယ်လိဂ်ရာသီဟာ ထင်သလောက် ခရီးမပေါက်သေးတာ တွေ့ရမှာပါ…။ ပွဲစဉ် (၇) အပြီး တစ်ပွဲလျော့ အနေအထားနဲ့ ၂ ပွဲသရေ၊ ၄ ပွဲရှုံး ရလဒ်သာ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ နိုင်ပွဲတွေ ရရှိဖို့ အိမ်ရှင်အသင်းနည်းတူ ဆက်လက်ရုန်းကန်နေရဆဲဆိုတာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။

ဒါပေမယ့် မကွေးအက်ဖ်စီ၊ ရတနာပုံအက်ဖ်စီ စတဲ့အသင်းတွေကို သရေရလဒ် ရရှိအောင် ကစားခဲ့တဲ့ ဒီအသင်းရဲ့ ခြေစွမ်းက လူငယ်စွမ်းအားတွေနဲ့ ပြိုင်ဘက်တိုင်းကို ဖြိုဖျက်နိုင်စွမ်းရှိတဲ့ အသင်း၊ ‘ဇ’ ရှိတဲ့ အသင်း၊ ဂုဏ်မတင်လည်း ထင်ပေါ်ပြီးသားအသင်း ဖြစ်နေတာပါ။
နှစ်ဖက်အသင်းရဲ့ ကစားသမား အနေအထားကိုကြည့်ရင် အိမ်ရှင်အသင်းမှာ ပြည်ပကစားသမားတွေ၊ လက်ရွေးစင်အဆင့် ကစားသမားတွေ ပိုင်ဆိုင်ထားတာတွေ့ရပါလိမ့်မယ်။

ဒါ့အပြင် ကိုယ်တိုင်ဖန်တီး ဂိုးသွင်းနိုင်စွမ်းရှိတဲ့ အပြင် ဆည်ဝက ဗျိုင်းတစ်ကောင်လို ကောက်စားရာမှာ ကျွမ်းကျင်ပိုင်နိုင်လှတဲ့ အီဒူဘတ်ပက်ထရစ်လည်း ရှိနေပါတယ်။
ဧည့်သည်အသင်းမှာလည်း အားမာန်အပြည့်နဲ့ ကစားတတ်ပြီး လှုပ်ရှားမှုတိုင်းက အသက်ဝင်တဲ့ ရဲဝေယံစိုး၊ ကောင်းစည်သူတို့ရဲ့ ထိုးဖောက်မှုတွေဟာ ပြိုင်ဘက်နောက်တန်းတွေ ခြောက်ခြားချင်စရာ ဖြစ်နေမှာပါ။

ဒါကြောင့် ယခုလို အခြေအနေမှာ ဧရာဝတီယူနိုက်တက် အသင်းသားတွေကပဲ နည်းပြချုပ် ဦးကျော်လွင်ရဲ့ ဇာတ်ညွှန်းအောက်မှာ ဟာကွက်မရှိ ကပြအသုံးတော်ခံနိုင်မလား…

အဖြည့်ခံသက်သက် အလည်လာရုံမဟုတ် … မြန်မာနေရှင်နယ်လိဂ်မှာ တန်း တစ်ခုရှိတယ်ဆိုတဲ့အကြောင်း မြ၀တီအသင်းကပဲ ပြသသွားနိုင်မလား…

သေချာတာတော့ ကျောက်တိုင်ကွင်းထဲက နိုင်ပွဲတစ်ပွဲဟာ နှစ်သင်းစလုံးအတွက် ကန္တာရထဲက အိုအေစစ်တမျှ အဖိုးထိုက်တန်မှာ အသေအချာပါ။

ဒါကြောင့် ပေါက်ကွဲသံစဉ်တွေ အတိနဲ့ ယှဉ်ပြိုင်လာမယ့် ဒီပွဲစဉ်ကို ပုသိမ်မြို့ ၊ ကျောက်တိုင်ကွင်းမှာ ရှုစားလှည့်ကြဖို့ ပရိသတ်ကြီးကို ဖိတ်ခေါ်လိုက်ရပါတယ်။
Week -8
Ayeyawady United Vs Myawady FC
7-3-2018
@ Pa Thein Stadium(Kyaut Tie)
15:30
Live On- FB Live