မြ၀တီအက်ဖ်စီအသင်းကို ဂိုးပြတ်အနိုင်ယူ၍ ပွဲကျန်မှာ ပွဲခံခဲ့သည့် ဧရာဝတီယူနိုက်တက်အသင်း

March 7, 2018

MPT Myanmar National League 2018 Week 8 ပွဲစဉ်များထဲမှ ပွဲကျန်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ဧရာဝတီယူနိုက်တက်-မြ၀တီအက်ဖ်စီ ပွဲစဉ်တွင် အိမ်ရှင် ဧရာဝတီအသင်းက ၄-၁ ဂိုးဖြင့် အနိုင်ယူကာ ပွဲကျန်ပွဲစဉ်၌ အောင်ပွဲဆင်နိုင်ခဲ့သည်ကိုတွေ့ရသည်။

ကျောက်တိုင်ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ယင်းပွဲစဉ်တွင် အိမ်ရှင် ဧရာဝတီယူနိုက်တက်အသင်းက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်ခြင်း မရှိသည့် ဖြိုးကိုကိုသိန်းနေရာတွင် အောင်ဇေယျကို ထည့်သွင်းအသုံးပြုခဲ့ပြီး ၄-၂-၃-၁ ပုံစံဖြင့် ပွဲထွက်ခဲ့သည်။ အလားတူ ဧည့်သည် မြ၀တီအက်ဖ်စီအသင်းတွင် အသင်းခေါင်းဆောင် ရဲဝေယံစိုး၊ ဗညာဦးတို့ဖြင့် လူစုံပါဝင်ခဲ့ပြီး ၄-၂-၃-၁ ပုံစံဖြင့်ပင် ပွဲထွက်လာခဲ့သည်။

ဧရာဝတီအသင်းမှာ ပွဲစကတည်းက မြ၀တီအသင်းဘက်သို့ တိုက်စစ်ဆင်ကစားခဲ့ပြီး ပထမပိုင်းတွင် နှစ်ဂိုးပြတ် အနိုင်ရရှိနေခဲ့သည်။ ဧရာဝတီအသင်းအတွက် ၁၆ မိနစ်တွင် တိုက်စစ်မှူး အီဒူဘတ်ပက်ထရစ်နှင့် ၄၅ မိနစ်တွင် ကွင်းလယ်လူ ရန်ပိုင်စိုးတို့က သွင်းယူပေးခဲ့သည်။ မြ၀တီအသင်းမှာ ဒုတိယပိုင်းတွင် လူစားလဲမှုများပြုလုပ်ကာ တန်ပြန်တိုက်စစ်ဖြင့် ဂိုးရရှိအောင်ကြိုးပမ်းခဲ့ရာ ၅၃ မိနစ်တွင် ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သည်။ ယင်းဂိုးကို ထောင့်ကန်ဘောမှ တစ်ဆင့် နောက်ခံလူ ဝေယံဦး ခေါင်းတိုက်ချပေးမှုကနေ တစ်ဆင့် ဂိုးရှေ့တွင် အသင့်စောင့်ဆိုင်းနေသည့် တိုက်စစ်မှူး ကောင်းစည်သူက ပိတ်သွင်းကာ ရယူပေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဧရာဝတီအသင်းကပင် ပွဲကို စိုးမိုးကစားနိုင်ခဲ့ပြီး အိမ်ကွင်း ပထမဆုံးနိုင်ပွဲတစ်ပွဲအဖြစ် ပုံဖော်ခွင့် ရရှိစေမည့် အနိုင်ဂိုးများကို ၅၈ မိနစ်တွင် တိုက်စစ်မှူး အီဒူဘတ်ပက်ထရစ်ကလည်းကောင်း၊ ၆၅ မိနစ်တွင် နောက်ခံလူ အေးကိုကိုအောင်ကလည်းကောင်း သွင်းယူပေးခဲ့ပြီး ပွဲအပြီး ၄-၁ ဂိုးဖြင့် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။

ဧရာဝတီအသင်းမှာ ယခုပွဲအနိုင်ရလဒ်ကြောင့် အဆင့် ၈ နေရာသို့ တက်လှမ်းလာနိုင်ခဲ့ပြီး ရလဒ်ဆိုးများအတွက် အနည်းငယ် ဖိအားလျော့သွားခဲ့ရသည်။ မြ၀တီအသင်းမှာ ပွဲစဉ်(၈)အပြီး တစ်ပွဲလျော့ဖြင့် နိုင်ပွဲ ရှာပုံတော်ဖွင့်နေရဆဲဖြစ်သည်။

Ayeyawady United 4-1 Myawady FC (FT)